တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရခိုင်ပြည်နယ်နေ့သဝဏ်လွှာပေးပို့မှုထူးခြား၊ ရခိုင်ဒေသဖွံ့ဖြိုးရေး လက်တွေ့လုပ်ဆောင်မှု နည်းနေသေးဟု လွှတ်တော်အမတ်ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၅/ ၂ဝ၂ဝ

ယနေ့တွင် ကျရောက်သည့် (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ သဝဏ်လွှာပေးပို့ခြင်းမှာ ထူးခြားမှု တစ်ခုဖြစ်ပြီး ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက်  လက်တွေ့လုပ်ဆောင်မှုမှာ နည်းနေသေးကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောဆိုလိုက်သည်။

“ဒါက ထူးခြားတဲ့ဖြစ်ရပ်ပေါ့။ ကျွန်တော်တို့ သိသလောက်ကတော့ သမ္မတကတော့ ပုံမှန်ပို့တယ်။ တပ်က ပို့တာကတော့ ထူးခြားဖြစ်စဉ်လို့ ယူဆလို့ရတယ်။ အဲလိုဖြစ်ဖို့အတွက် ထူးခြားတဲ့ ဆက်ဆံရေးနဲ့ နိုင်ငံရေး အနေအထားတစ်ရပ်၊ စစ်ရေးအနေထားတစ်ရပ်က ရခိုင်မှာ ဖြစ်ပေါ်နေတာကိုး။ အဲဒါကြောင့်ပို့တယ်လို့ ယူဆတယ်။ ဒါကတော့ ကောင်းတဲ့လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်” ဟု ပြောသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှှုဆိုင်ရာ အကူအညီ၊ ပြည်လည်နေရာချထားရေးနှင့် ပြည်လည်ထူထောင်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခကင်းဝေးစေရေး ကိစ္စများအတွက် တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးစားပုံဖော် လျက်ရှိကြောင်း ဖော်ပြထားသည်နှင့် ပတ်သက်ပြီး ဦးခင်မောင်လတ်က ယခုလို ပြောဆိုသည်။  

“အဲဒါကတော့ အလွန်တရာနည်းပါတယ်။ အစိုးရရော တပ်မတော်ရော ဒီအပိုင်းမှာ အရမ်းနည်းသေးတယ်။ ရည်ရွယ်ချက်ရှိတာကတော့ ဖြစ်နိုင်တယ်။ လုပ်ငန်းစသွားမယ်ဆိုတာကတော့ ဖြစ်နိုင်တယ်၊ စစ်ရေး နိုင်ငံရေးအခြေနေအရ။ သို့သော် သိပ်ထင်ထင်ရှားရှားက မမြင်ရဘူး၊ မမြင်ရသေးဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ သဝဏ်လွှာတွင် ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများ၊ မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြို့တော်ဖြစ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်း ဝေးစေရေး ကိစ္စများအတွက် တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးစားပုံဖော် လျှက်ရှိကြောင်း ရေးသားဖော်ပြထားသည်။

၎င်းပြင် သဝဏ်လွှာထဲတွင် ၂ဝ၂ဝ ပြည့်နှစ် ပါဒီစုံဒီမိုကရေစီ အ ထွေထွေ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေတချို့တွင် ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ရွေးကောက်ပွဲကျင်းပပေးစေလိုသည့် ULA/AA အဖွဲ့ရဲ့ ကြေညာချက်အပေါ် မိမိတို့ တပ်မတော် အနေဖြင့် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့်ဆောင်ရွက်မှုများကိုလည်း ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း ဖော်ပြသည်။

ထိုသဝဏ်လွှာတွင်ပါရှိသည့် ပြန်လည် နေရာ ချထားရေးကိစ္စတို့မှာ အမှန်တကယ် ငြိမ်းချမ်းရေး အတွက် နှစ်ဖက် လက်မှတ်ရေးထိုးမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ထောက်ပြ ပြောဆိုသည်။

“အခုလောလောဆယ်မှာ တပ်မတော်နဲ့ အေအေတပ်တော်တို့ ပြသနာဖြစ်တာကို အများကြီး ကြုံတွေ့ နေရတာလေ။ စစ်ဘေးရှောင်တွေကိုလည်း ပြန်လည်နေရာချထားပေးဖို့ကလည်း ရှိသေးတယ်။ အဲဒါကြောင့် ဒီနှစ်ခုကြားထဲမှာ အရေးအကြီးဆုံးက အပစ်အခတ်ရပ်စဲရေးပါ။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲရေးလုပ်ပြီးမှ တကယ့် ငြိမ်းချမ်းရေးပန်းတိုင်ကိုသွားဖို့အတွက် အချိန်လည်းလိုအပ်သေးတယ်။ ငြိမ်းချမ်းရေး ပန်းတိုင်ကို ရောက်လို့ ငြိမ်းချမ်းပြီးမှ သူပြောထားတဲ့ ပြန်လည်နေရာချထားရေးတို့၊ တည်ဆောက်ရေးတို့ကို ဆက်လုပ်ရမှာ ဖြစ်တယ်။ အခု လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

တပ်မတော်အနေဖြင့် ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာထောက်ထားရေးတို့ကို မည်သည့် အတိုင်းအတာ အထိ လုပ်ဆောင်မည်ကို တပ်မတော်က လုပ်ဆောင်သည့်အပေါ်မူတည်ပြီး စောင့်ကြည့် ရမည်ဟု သူမက ဆက်ပြောသည်။


ဆက်စပ် သတင်းများ