တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k

ဇော်ဝင်းဌေး (ငခူချောင်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၃ / ၂၀၂၁

ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ တပ်မတော်က အာဏာသိမ်းလိုက်သော်လည်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနတာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးများကို ပုံမှန်အတိုင်း ဆက်လက်ထိုးနှံရန် စီစဉ်နေကြကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာသို့ ပြောသည်။

“ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကျန်းမာရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ဆေးထိုးဖို့လည်း စီစဉ်နေပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းမှာ ကူညီနေတဲ့ စေတနာ့ဝန်ထမ်းတွေ၊ အသက် ၆၅ နှစ်အထက် အရွယ်တွေကို ထိုးဖို့စီစဉ်နေပါတယ်” ဟုပြောသည်။

လက်ရှိတွင်ဆေးထိုးမည့်ကိစ္စများနှင့်ပတ်သက်၍ အစည်းအဝေးများကျင်းပဆွေးနွေးနေကြကြောင်း ၄င်းက ဆက်ပြောသည်။
မောင်တောခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နုကေသီစံကလည်း ကိုဗစ်ဆေးများဆက်လက်ထိုးနှံရန် အစီအစဉ်များရှိပြီး လောလောဆယ် စာရင်းများကောက်ယူနေကြောင်း ပြောသည်။

“ ထိုးနှံခံရမယ့်သူ၊ အသက်အုပ်စုတွေတော့ မသိရသေးဘူး။ ထိုးမယ့်အစီအစဉ်တော့ ရှိပါတယ်” ဟုပြောသည်။

ကိုဗစ်ကာကွယ်ဆေးများကို ဇန်နဝါရီ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်ရှိ ကျန်းမာရေး ဝန်ထမ်းပေါင်း ၄၄၀၀ ကျော်ကို စတင်ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

အဆိုပါဆေးများသည် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၂ ရက်နေ့က လက်ဆောင်အဖြစ်ပေးပို့လိုက်သည့်ဆေးအလုံးရေ တစ်သန်းခွဲထဲမှ ခွဲတမ်းရရှိခဲ့သည့်ဆေးများဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဖဖော်ဝါရီလ ၂ ရက်နေ့အထိ ကိုဗစ်ဖြစ်ပွားသူ ၄၂၆၄ ဦးနှင့် သေဆုံးသူ (၃၇)ဦးအထိရှိသွားပြီဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရဆိုလျှင် ကိုဗစ်ဖြစ်ပွားသူ ၁၄၀၆၆၄ ဦးနှင့် သေဆုံး ၃၁၄၆ ဦးရှိကာ ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၅၈၈၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ