ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

လွယ်ကျယ်-ဗန်းမော်ကားလမ်းပေါ်ရှိ ဗျူဟာမြောက်အရေးကြီးသော ဆင်ဘိုမြို့ ခလရ (၁၄၁) တပ်ကို KIA သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 750

(စစ်ကောင်စီ၏ စခန်းအကြီးအငယ် ၇၀ ကျော်သိမ်းပိုက်ထားပြီဟု ဗိုလ်မှူးကြီးနော်ဘူအတည်ပြု)

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၂၉ / ၂၀၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၄၁) ကို ဧပြီလ၂၉ ရက် နေ့လယ်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း  (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက နိရဉ္စရာ သို့အတည်ပြုပြောကြားသည်။

“ ခလရ (၁၄၁) ဆင်ဘိုစခန်းကို ဒီနေ့မနက်ပိုင်း ၁၁ နာရီခွဲ အချိန်မှာ ကျွန်တော်တို့ KIA နဲ့ တပ်ပေါင်းစု အဖွဲ့တွေ အပြီးအပိုင်းသိမ်းလို့ရပါပြီ။ သိမ်းနိုင်ခဲ့ပါပြီ ”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။

ဆင်ဘို၊လွယ်ကျယ်၊ယောယုံ၊ စခန်းများသည်  လွယ်ကျယ်-ဗန်းမော် ကားလမ်းပေါ်ရှိ အရေးကြီးသောဗျူဟာမြောက်စခန်းများဖြစ်ကြောင်း လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။

“ဆင်ဘိုကတော့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းဖက်ကတော့ စခန်းကြီးဖြစ်ပါတယ်၊လွန်ခဲ့တဲ့၂ လ ပိုင်းလောက်က ကျွန်တော်တို့ တိုက်လိုက် နားလိုက်ပေါ့၊တော်တော်အချိန်ယူပြီးတော့ တိုက်ရတဲ့စခန်းဖြစ်ပါတယ်။ ဗျူဟာမြောက်စခန်းဆိုတော့ ကျွန်တော်တို့လည်း ၂ လကျော်လောက်အချိန်ယူရတဲ့စခန်းဖြစ်ပါတယ်” ဟုသူကပြောသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆင်ဘိုရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး နှစ်လကျော်အကြာတွင်  ခလရ (၁၄၁) တပ်ကို ဆက်လက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်အထိ ကချင်ပြည်နယ် လွယ်ကျယ်-ဗန်းမော်ကားလမ်း၊မြစ်ကြီးနား-ဗန်းမော်ကားနှင့် လိုင်ဇာဌာနချုပ်အနီးရှိစစ်ကောင်စီစခန်းပေါင်း ၇၀ ကျော်ကိုသိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

“မတ်လ ၇ ရက်ကနေ ဒီနေ့အထိဆိုရင် ကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ အကုန်လုံးပူးပေါင်းတိုက်ခိုက်အောင်မြင်ထားတဲ့ စခန်းပေါင်းကတော့ အကြီးအငယ်အားလုံးပေါင်း ၇၀ နဲနဲကျော်ပါပြီ ခင်ဗျ” ဟုဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။

ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းကလည်း ဆင်ဘိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းများ တွင်ဖော်ပြထားကြသည်။

ဓာတ်ပုံ - ကချင်နက်

ဆက်စပ် သတင်းများ