စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင် တိုက်ပွဲများရပ်တန့်ရန် အဓိက ကြားဝင်ညှိနှိုင်းပေးခဲ့သူ မစ္စတာ ဆာဆာကာဝါ မနက်ဖြန် စစ်တွေသို့လာမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.2k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၁၄ / ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်ရန် အဓိက ကြားဝင်ညှိနှိုင်းပေးခဲ့သူ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် မနက်ဖြန် စစ်တွေသို့လာမည်ဟု သိရသည်။
သူသည် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့အကြား တစ်နှစ်ပြည့် အပစ်အခတ်ရပ်စဲထားသည့် အထိမ်းအမှတ်အဖြစ် မနက်ဖြန် နိုဝင်ဘာလ ၁၅ ရက်တွင် စစ်တွေသို့လာရောက်မည်ဖြစ်သည်။
ယင်းသို့လာရောက်စဉ် ရခိုင်အမျိုးသားပါတီ(ANP)နှင့်တွေ့ဆုံမည်ဖြစ်လို သူ၏ ရခိုင်ခရီးစိုင်မပြီးဆုံးမီ သတင်းစာရှင်းလင်းပွဲအကျဉ်းတစ်ခုကိုလည်း ညနေ ၃ နာရီခန့်တွင် ပြုလုပ်သွားမည်ဟု သိရသည်။
သူ၏ရခိုင်ခရီးစဉ်တွင် မည်သည့်နေရာများသို့ သွားရောက်ပြီး မည်သူတို့နှင့်တွေ့ဆုံမည်ဆိုသည်ကို လောလောဆယ် မသိရသေးပေ။
မစ္စတာဆာဆာကာဝါသည် ရခိုင်စစ်ပွဲရပ်တန့်ရန် AA နှင့် စစ်တပ်တို့အကြား အဓိက ကြားဝင် ညှိနှိုင်းပေးခဲ့သူတစ်ဦးဖြစ်သည်။
ယင်းအပြင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ စစ်ပွဲများဖြစ်ပွားနေသည့်ရခိုင်တွင် ရွေးကောက်ပွဲကျင်းပခွင့် မရခဲ့သည့်မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပပေးရန်တောင်းဆိုခဲ့သူလည်းဖြစ်သည်။
သူသည် ယခုလ နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်တွင် နစကကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သေးသည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာ့နို်င်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ ငြိ်မ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စနှင့် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု နစကကောင်စီက သတင်းထုတ်ပြန်ထားသည်။
မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီတွင် ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌဒေါက်တာအေးမောင်အပါအဝင် တိုင်းရင်းသားပါတီ ၄ ခုမှ ခေါင်းဆောင်များနှင့် ရန်ကုန်၌တွေ့ဆုံရန်ရှိသေးသည်။

ဆက်စပ် သတင်းများ