တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ညဥ့်အချိန် ကား ၉ စီး၏မှန်များကိုအကြောင်းမဲ့ ရိုက်ခွဲဖျက်ဆီးခဲ့သူများအား ဖမ်းမမိသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၇ /၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ညဥ့်အချိန် ကား ၉ စီး၏မှန်များကို အကြောင်းမဲ့ ရိုက်ခွဲဖျက်ဆီးခဲ့သူများအား ယနေ့ထိ ဖမ်းမမိသေးဟု သိရသည်။
ကျောက်ဖြူမြို့ ငလေပွေ့လမ်းတစ်လျှောက်ရှိ အရာရှိရပ်ကွက်၊ စေတီတောင်ရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့တွင် ရပ်ထားသည့် ကား ၉ စီး၏မှန်များကို ဧပြီလ ၅ ရက်နေ့ ညဉ့် ၁၂ နာရီခန့်က အမည်မသိသူများက ရိုက်ခွဲဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ကားပိုင်ရှင်များက ပြောသည်။
CCTV မှတ်တမ်းအရ ဆိုင်ကယ်နှင့်လူနှစ်ဦး အုတ်ခဲဖြင့် ကားမှန်များကို ပစ်ပေါက်သွားသည်ဟု ကားမှန်ရိုက်ခွဲခံရသူ ဦးကျော်စွာက ပြောသည်။
"ဒီလိုမျိုးလုပ်တာက လုံခြုံရေး အားနည်းလို့ထင်တယ်။ ဆယ်တန်းစာမေးပွဲ ကာလအတွင်းမှာတောင် လုံခြုံမှုမရှိဘူး။ မင်းမဲ့စရိုက်ဆန်တယ်လို့ထင်မိတယ်။ ဒီလိုမျိုးလုပ်ရပ်က မကောင်းပါဘူး"ဟု ပြောသည်။
ဖျက်ဆီးခံလိုက်ရသည့်ကားများတွင် အိမ်စီးကားများ၊ Express ကားတစ်စီးနှင့် Hi-Jet ကားအမျိုးအစားများလည်း ပါဝင်သည်ဟု ဒေသခံများက ပြောသည်။
ဖျက်ဆီးခံရမှုကြောင့် အချို့ကားများတွင် ရှေ့မှန်များကွဲအက်ပျက်စီးသွားခဲ့ပြီး အချို့ကားများတွင် ရှေ့မှန်များ အက်ကွဲရာ ထင်ကျန်ခဲ့သည်ဟု သိရသည်။
ယင်းနေ့ညဥ့်က ကားများကို ဖျက်ဆီးသွားသူဟုယူဆရသည့် ဆိုင်ကယ်ဖြင့်လူသုံးဦးကိုလည်း အနီးအနားပတ်ဝန်းကျင်ဒေသခံများကတွေ့မြင်လိုက်ကြသည်ဟု သိရသည်။
ငလပွေ့လမ်းတစ်လျှောက်ရှိ ရပ်ကွက်များမှ ကားများကို ယခုကဲ့သို့ ရိုက်ခွဲဖျက်ဆီးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း အရာရှိရပ်ကွက်အုပ်မှူး ဦးကျော်ဖြူက ပြောသည်။
"သူများပစ္စည်းကို ဒီလိုလုပ်တာမကောင်းပါဘူးနော်။ မကောင်းတဲ့လမ်းစဉ်ဖြစ််တယ်"ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကားပိုင်ရှင်များက ကျောက်ဖြူရဲစခန်းသို့တိုင်ကြားထားပြီး ရဲတပ်ဖွဲ့ကလည်း ကားမှန်များကို ဖျက်ဆီးခဲ့သူများကို စုံစမ်းနေကြောင်း ဦးကျော်ဖြူက ဆက်ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မရဲစခန်းအားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!