တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရေသယံဇာတထိန်းသိမ်းနိုင်ရန် မိတ်လိုက်၊ မျိုးပွားရာသီချိန်တွင်ငါး၊ပုဇွန်များကို ဖမ်းဆီးခြင်း၊ဝယ်ယူစုဆောင်းခြင်းမပြုရန်တားမြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.9k

အေးမြတ်ခိုင်
နိရဥ္စရာ ၊ဧပြီ ၂၆/၂၀၂၂
ရေသယံဇာတထိန်းသိမ်းနိုင်ရန် ငါး၊ပုဇွန်စသည့် ရေသတ္တဝါတွေရဲ့ မိတ်လိုက်၊ မျိုးပွား ရာသီချိန်များတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုကြရန် ငါးလုပ်ငန်း ဦးစီးဌာနက တားမြစ်ထားကြောင်း သတင်းရရှိသည်။
ကျောက်ပုစွန်၊ ကင်းပုစွန်နဲ့ ငါးလင်ပန်း တို့ကို လာ မည့် ဇွန်လ(၁)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက် နေ့အထိ၊ ကျောက်ငါးများကို ဇူလိုင်လ(၁)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့ အထိ၊ ရေချိုငါး အားလုံးကို တော့ မေလ(၁) ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ၊ ရေငန် ပုစွန်ကို ဇွန်လ(၁) ရက်နေ့မှ ဩဂုတ်လ(၃၁) ရက်နေ့အထိ ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်းများ မပြုလုပ်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပြည်တွင်းရှိ ရေချို/ ရေငန် ရေပြင်မှာ ငါး/ပုစွန် မျိုးများကို မျိုးတုန်း မပျောက်ကွယ်စေရန်၊ မျိုးကောင်းမျိုးသန့်များ ရေရှည် တည်တံ့ တိုးပွားလာ စေရန်ရည်ရွယ်ပြီး ရေသတ္တဝါတွေရဲ့ မိတ်လိုက်၊မျိုးပွား ရာသီချိန်များတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုကြရန်တားမြစ်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်မှူးဦးသက်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။
လက်ရှိတွင် ရခိုင်အပါအဝင် တစ်ကမ္ဘာတဝန်းလုံးတွင် ရေသယံဇာတ ပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသလို ရခိုင်တွင်လည်း ရေနေသတ္တဝါများ ရှားပါးလာကြောင်း ဦးသက်ဦးက ဆက်ပြောသည်။
"ငါးကတော့ ရခိုင်ပြည်နယ်မှမဟုတ်ဘူး။ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးမှာလည်း အကြောင်းအရာ မျိုးစုံကြောင့် ရှားပါးလာတယ်။ ထုတ်လုပ်မှုကလည်း အနည်းနဲ့အများ ကျဆင်းနေကြတာပါပဲ" ဟု ပြောသည်။
လက်ရှိမှာ ရေသတ္တဝါ(အရှင်) အမျိုးအစားအချို့ကို သတ်မှတ်ကာလ တစ်ခုအတွင်း ဖမ်းဆီး၊ စုဆောင်း၊ ရောင်းဝယ်၊ တင်ပို့ခြင်း မပြုရန် ထုတ်ပြန်ခဲ့ပြီး စစ်ဆေး တွေ့ရှိပါက တည်ဆဲဥပဒေနဲ့ အညီအရေးယူ ဆောင်ရွက်သွားမည်ဟုလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။
သို့သော် လက်ရှိမြေပြင်အခြေအနေတွင် ငါးမဖမ်းရ သတ်မှတ်ရာသီ များတွင်ပင် သင်္ဘောကြီးများ၊ ဆွဲပိုက်ကြီးများဖြင့် ငါးဖမ်းမှုများရှိနေပြီး ထိရောက်သည့် အရေးယူမှုလည်း အားနည်းကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။
"အမှန်က ဒါက နှစ်စဉ်ထုတ်ပြန်နေတဲ့ ထုတ်ပြန်ချက်တစ်ခုပဲ ဖြစ်တယ်။ မြေပြင်အခြေနေမှာဆို ဒေသခံတွေထက် ပြည်မဘက်ကလာပြီး ကမ်းဝေး သင်္ဘောတွေက ကမ်းနီးမှာ ဆွဲပိုက်တွေနဲ့ ဖမ်းနေကြတာ အကန့်အသတ် မရှိဘူး။ သူတို့ ခွင့်ပြုထားတာတွေ အများကြီးတွေ့ရတယ်။ ကမ်းရိုးတန်းမှာ ရှိတဲ့ မည်သည့် သားငါးအမျိုးအစားမဆို မျိုးတုန်းသွားနိုင်တဲ့ ပိုက်တွေနဲ့ ဖမ်းနေတာကိုလည်း အခုအချိန်ထိ ဟန့်တားနိုင်ခြင်း အခုထိ မရှိသေးဘူး"ဟု ပြောသည်။
ရခိုင်ပင်လယ်သည် ရေသယံဇာတပေါများသော နေရာတစ်ခုဖြစ်သော်လည်း လက်ရှိတွင် ငါးဖမ်းသင်္ဘောများဖြင့် စည်းမဲ့ကမ်းမဲ့ ခေတ်မီစက်ကြီးများဖြင့် ဝင်ရောက် ငါးဖမ်းမှုများရှိနေသဖြင့် ရေနေသတတ္တဝါများ တဖြည်ဖြည်း ရှားပါးလာနေသည်ဟု ငါးလုပ်ငန်းရှင်များက ပြောသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!