အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ကျောက်တော်မှ လူမှုရေးသမား ကိုဇော်ဝင်းပါ ၃ ဦး၏အမှုတွင် တရားလို စစ်ဗိုလ်များကို ယနေ့စတင်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.3k

နိရဥ္စရာ၊ ဇူလိုင် ၂၁/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းပါ ၃ ဦး၏အမှုတွင် တရားလိုစစ်ဗိုလ်များအား ယနေ့ စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။
၄င်းတို့ကို ယနေ့ ဇူလိုင်လ ၂၁ ရက်ရုံးချိန်းတွင် ကျောက်တော်မြို့နယ်တရားရုံး၌ စတင်စစ်ဆေးခဲ့သည်ဟု မြို့နယ်တရားရုံးမှကြားသိခဲ့ရကြောင်း ကိုဇော်ဝင်း၏အမျိုးသမီး ဒေါ်ခင်လှစံက နိရဥ္စရာကို ပြောသည်။
"အဲဒီလိုမျိုးကြားခဲ့တယ်။ သမီးတစ်ယောက်ဖျားနေလို့ သေချာအဆုံးထိလည်း မနေခဲ့ရဘူး။ ကိုဇော်ဝင်းကတော့ ဇက်ကြောတွေတက်ပြီး တစ်ညလုံး အိပ်မရဘူးလို့ပြောတယ်။ သူက အရင်ကလည်း ရောဂါတွေရှိတယ်။ အဲဒါကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ဆေးဝယ်ထည့်ဖို့လုပ်နေတယ်" ဟုပြောသည်။
၎င်းတို့အမှုအား လာမည့်သြဂုတ်လ ၃ ရက်နေ့အား ရုံးချိန်းချိန်းဆိုလိုက်ကြောင်း သိရသည်။
သူတို့ ၃ ဦးမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း (၄၃ နှစ်)၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ တုတ်တုတ် (အိန္ဒိယသုံးဘီး) မောင်းသူ ဦးကျော်သန်းမောင် (၅၁ နှစ်)နှင့် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက် (၂၈ နှစ်)တို့ ဖြစ်ကြသည်။
သူတို့ ၃ ဦးအနက် ကိုဇော်ဝင်းသည် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် ကျောက်တော်အခြေစိုက် ခမရ (၃၇၅)မှ ဗိုလ်ကြီးကိုကိုအောင်က လည်းကောင်း၊ ဦးကျော်သန်းမောင်အား နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် ဗိုလ်ကြီးမောင်မောင်နိုင်ကလည်းကောင်း၊ ကိုဇော်မိုးထက်အား ၅ဝ၅(ခ)ဖြင့် ဗိုလ်ကြီး ဝေယံဦးကလည်းကောင်း တရားလိုများပြုလုပ်ကာ ကျောက်တော်မြို့မရဲစခန်း၌ အသီးသီးအမှုဖွင့်ထားခြင်းဖြစ်သည်ဟု သိရသည်။
အမှုဖွင့်စဉ်က ရဲစခန်းသို့လွှဲပြောင်းမပေးခဲ့ဘဲ ကျောက်တော်အခြေစိုက် အမှတ်(၉)စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ်၏အချုပ်တွင် ထိန်းသိမ်းထားခဲ့ကာ ဇူလိုင်လ ၅ ရက်မှ ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇွန်လ ၂ဝ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် နောက်တစ်နေ့ ဇွန်လ ၂၁ ရက်တွင် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု မြို့ခံများက ပြောသည်။
ယင်းအနက် ကိုဇော်ဝင်းကို ဇွန်လ ၂၁ ရက်နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့အဝင် စိုက်ပျိုးရေးသိပ္ပံလမ်းဆုံ၌ဖမ်းဆီးသွားခြင်းဖြစ်သည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ