စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် စကခ (၉) ခြံစည်ရိုးအနီး မိုင်းပေါက်ကွဲ၍ မူဆလင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

နိရဉ္စရာ၊ အောက်တိုဘာ ၁/၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အရှေ့ဖက်ခြံစည်းရိုးအနီးတွင် မိုင်းပေါက်ကွဲ၍ မူဆလင်အမျိူးသမီးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မိုင်းပေါက်ကွဲ၍ဒဏ်ရာရရှိသွားသည့်အမျိုးသမီးမှာ ခေါင်းတုတ်ကျေးရွာနှင့် စကခ (၉)အနီးရှိ ပလောင် (မူဆလင်)ကျေးရွာနေ မအာရှကာဒူ (၂၅)နှစ်ဖြစ်ပြီး ယမန်နေ့ညနေ ၆ နာရီခွဲဝန်းကျင်တွင် ၎င်း၏ အိမ်အနီးဝမ်းကျင်တွင် ရှိနေစဉ် ပေ၃၀ အကွာအဝေးတွင် မိုင်းပေါက်ကွဲ၍ မိုင်းအစအနများ ထိမှန်ကာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ညာဖက်ရင်အောက်နားတွင် မိုင်းအစအနထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

၎င်းကျေးရွာဒေသခံတစ်ဦးက " မနေ့ညနေ ၆ နာရီကျော်လောက်မှာ သူ့အိမ်မှာရှိနေတုန်းပါ။ အနီးနားက ဆွဲမိုင်းပေါက်ကွဲပြီးတော့ ဒဏ်ရာရသွားတာပါ။ အခုတော့ သူ့ကိုဆေးရုံကိုပို့ဖို့ခေါ်သွားကြပါပြီ။ ဒဏ်ရာက ဝမ်းဗိုက်နားတစ်ခုတည်းမှာ အစအန မှန်သွားတာဖြစ်နိုင်ပါတယ်။  သူ့အိမ်ကနေခြေလှမ်း ကိုးဆယ်လှမ်းလောက်ပဲ လှမ်းရသေးတာပါ။ အဲဒီအချိန် ဆွဲမိုင်းပေါက်ကွဲပြီးဖြစ်သွားတာပါ" ဟုပြောသည်။

၎င်းအား ယမန်နေ့ညနေ ရှစ်နာရီခွဲခန့်တွင် ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

 ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်ကလည်း မြောက်ဦးမြို့၊ ကျောက်ရစ်ကေခွဆုံ မြင်းခုံတန်း ကန်ဘောင်မြို့တံတားအနီးတွင် စစ်တပ်ကထောင်ထားသည့် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိကာ အသက် ၂၀ အရွယ် လူငယ်တစ်ဦး ဆေးရုံတွင်သေဆုံးသွားခဲ့သည်။

(NN-8)

ဆက်စပ် သတင်းများ