စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် မိုင်းနင်းမိသူကို သယ်ယူရန်သွားရာမှ ထပ်မိုင်းပေါက်ကွဲ၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 650

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ မတ်လ ၂၃/၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူနယ်တွင် ယမန်နေ့ မတ်လ ၂၂ ရက်နေ့က မိုင်းနင်းမိသူကို သယ်ဆောင်ရန်သွားရာမှ ထပ်မံ မိုင်းပေါက်ကွဲ၍ ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ဝတ်ဆံထောင့်ကျေးရွာမှ ဦးဇော်ဇော် (၄၅) နှစ်မှာ သေဆုံးပြီး ဦးဝင်းနိုင်စိုး(ခ)ဝါဂျီး (၄၀) နှစ်မှာ  ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

ဦးဝင်းနိုင်စိုးသည် နေ့လယ် ၂ နာရီခန့်တွင် ပိန္နဲသီးခူးပြီးအပြန် ဒိုးတန်းတောင် အမှတ်(၃၂) ရဲတပ်ရင်းအနီး ကြမ်းတက်တောင်တွင် မိုင်းနင်းမိကာ ညာဘက်ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။

ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် မိုင်းနင်းမိသည့် ဦးဝင်းနိုင်စိုးကို ရွာသားများသွားခေါ်ကြစဥ် အဆိုပါနေရာအနီးတွင်ပင် ထပ်မံ မိုင်းပေါက်ကွဲကာ ဦးဇော်ဇော်သည်လည်း ညာဘက်ခြေထောက် ပြတ်ထွက်သွား ခဲ့သည်။ ၎င်းသည် အဆိုပါ ဒဏ်ရာဖြင့် ည ၈ နာရီခွဲခန့်တွင် ဆေးရုံတွင် သေဆုံးသွားကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

" ပထမတစ်ယောက်က ဟင်းခူးရင်းမိုင်းထိလို့ သွားခေါ်ရင်း နောက်တစ်ယောက်ထပ်ထိပြီး သွားခေါ်တဲ့လူက ဆုံးသွားရတာပါ။ အဲ့ဒီနေရာမှာ စစ်တပ်ရှိခဲ့တော့ မိုင်းတွေ တော်တော်များများရှိနိုင်ပါတယ်။ အရပ်သားတွေ လုပ်ကိုင်ရှာဖွေစားသောက်ဖို့က အရမ်းကို စိုးရိမ်ရတယ်။ အဘက်ဘက်က သတိထားရပါတယ်"ဟု ပြောသည်။

ရခိုင်တွင် ယခုကဲ့သို့ မိုင်းကြောင့် ထိခိုက်သေဆုံးမှုများ မကြာခဏ ရှိနေသည့်အတွက် မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကို ရှင်းလင်းပေးရန် လိုအပ်နေပြီး စစ်ကောင်စီအနေနှင့် အရပ်သားများ လုပ်ကိုင်စားသောက်သည့်နေရာအနီးဝန်းကျင်တွင် မိုင်းမထောင်ရန်လည်း ၄င်းက မေတ္တာရပ်ခံသည်။

ဒဏ်ရာရရှိထားသည့် ဦးဝင်းနိုင်စိုးသည် ကျောက်ဖြူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း မင်းပြားမြို့နယ်၊ ရန်တိုင်ကျေးရွာမှ စိတ်မနှံ့ စကားမပြောနိုင်သည့် ကိုမောင်ဆန်းဝင်း (၂၅ နှစ်) သည်လည်း စစ်လက်နက်ပစ္စည်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပွါးနေကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်အထိ ရခိုင်တိုက်ပွဲနှစ်လအတွင်းမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ၊ လေကြောင်း၊ရေကြောင်းက ပစ်ခတ်မှုများနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသည့်အရပ်သား ၁၁၁ ဦးနှင့်ဒဏ်ရာရသူ ၃၅၇ ဦးရှိနေသည်ဟု ULA/AA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


ယင်းအနက် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိခဲ့ကြောင်း ထုတ်ပြန်သည်။

(ဓာတ်ပုံ-ပေးပို့)

ဆက်စပ် သတင်းများ