သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ရခိုင်တွင်သစ်တောဖုံးလွှမ်းမှုဧရိယာ ကျဆင်းနေကြောင်း စစ်ကောင်စီ သယံဇာတ ပြည်ထောင်စုဝန်ကြီးဝန်ခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 579

ရခိုင်ပြည်နယ်တွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ ကျဆင်းနေသည်ဟု စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဝန်ခံ ပြောဆိုလိုက်သည်။

ဇူလိုင် ၂ ရက်၊ နံနက်က စစ်တွေရှိ ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ သစ်တော ဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း သစ်တောဖုံးလွှမ်းမှုကျဆင်းနေသဖြင့် သစ်တော၊ သစ်ပင်နှင့် ဒီရေတောများကို ထိန်းသိမ်းကာကွယ်သွားကြရမည်ဖြစ်ပြီး ထပ်မံစိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။

ယခု မိုးရာသီကာလ ပြန်လည်စိုက်ပျိုးမည့်သစ်ပင် ၂ဝ၄,၂ဝဝ ကို အထူးတာဝန်တရပ် အနေဖြင့် စိုက်ပျိုးရမည်ဟုလည်း သူက ဆိုသည်။

ယင်းအပြင် ရခိုင်တွင် မုန်တိုင်းကြောင့် သစ်ပင်များ မြောက်မြားစွာကျိုးကျပြိုလဲပျက်စီး သေကြေခဲ့သည့် အတွက် ဒေသနှင့်ကိုက်ညီပြီး မုန်တိုင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရည်ရှိသော မြို့ပြ တည်ဆောက်မှုကို ထိခိုက်မှုမရှိစေမည့် သစ်ပင်များကို ရှင်သန်ကြီးထွားအောင် စိုက်ပျိုးသွားကြရမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက တိုက်တွန်းပြောဆိုသွားခဲ့သည်။

ရခိုင်သစ်တောဖုံးလွှမ်းမှုကျဆင်းခြင်း(သို့မဟုတ်) သစ်တောဧရိယာများ ပြုန်းတီး ပျောက်ကွယ် လာခြင်းမှာ အစိုးရ၏ သစ်တောမူဝါဒနှင့် ဥပဒေအရ စနစ်တကျ ထိန်းသိမ်းမှု မရှိသလောက် နည်းပါးခဲ့၍ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။



အမ်းမြို့နယ်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ လူငယ်ကိုမျိုးလွင်က "အစိုးရ တစ်ရပ်အနေနဲ့ စနစ်တကျထိန်းသိမ်းမှုနဲ့ လုပ်ဆောင်မှုမရှိခဲ့တဲ့အတွက်ကြောင့်ပေါ့။ အစိုးရတရပ် အနေနဲ့ တာဝန်ရှိတယ်လို့ပြောရမယ်ပေါ့ဗျာ။ သူတို့ဘက်ကနေပြီး အခု သစ်တောပြုန်းတီးတယ်။ ရခိုင်မှာသစ်တောဧရိယာတွေပျောက်ကွယ်လာတယ်လို့ ဝန်ခံတယ်ဆိုရင် အစိုးရအနေနဲ့ ဥပဒေနဲ့ မူဝါဒနဲ့အညီ စနစ်တကျမလုပ်ခဲ့တာပဲလို့ ကျနော်တို့ပြောနိုင်ပါတယ်" ဟု သုံးသပ်ပြောဆိုသည်။

ကိုမျိုးလွင်သည် ပြီးခဲ့သည့် ၂၀၁၈ ဇူလိုင်လက ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၊ သံဇစ်မြစ်တွင် ရေထုညစ်ညမ်းမှုဖြစ်ပေါ်ပြီး ရေနေသားငါးသယံဇာတအမြောက်အများသေဆုံးခဲ့ချိန်ကပင် ဒီရေတောထိန်းသိမ်းစိုက်ပျိုးရေးကို စတင်လုပ်ကိုင်လာသူဖြစ်သည်။

လက်ရှိအချိန်အထိ အမ်းမြို့နယ်အတွင်း ဒီရေတောဧက ၃ သောင်းကိုထိန်းသိမ်းထားနိုင်ပြီး ဒီရေပင် ၆ သိန်းခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သူက ပြောသည်။

ရခိုင်ရိုးမပေါ်မှ သစ်တောဧရိယာများပျောက်ကွယ်လာခြင်းမှာ ဒေသလိုအပ်ချက်အရမဟုတ်ဘဲ နှစ်စဉ်သစ်တန်ချိန်ပေါင်းများစွာ ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချသည့် တရားမဝင်သစ်မှောင်ခို လုပ်ငန်းများကြောင့်ဖြစ်ကြောင်းလည်း ကိုမျိုးလွင်က ထောက်ပြပြောဆိုသည်။



"ရခိုင်ရိုးမပေါ်က သစ်တောပြုန်းတီးခြင်းသည် တစ်ဘက်နိုင်ငံကို တရားမဝင်သစ်မှောင်ခိုပို့တဲ့ လုပ်ငန်းတွေကို အစိုးရအနေနဲ့တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပြီး လုပ်ခဲ့တာမရှိခဲ့လို့ပါပဲ။ သူတို့ကိုယ်တိုင်က မူဝါဒတွေ သစ်တောဥပဒေတွေရှိပြီးတော့ မလုပ်ခဲ့တာ။ ဒါ့အပြင် သစ်ခုတ်တဲ့သူတွေနဲ့ပေါင်းပြီး လာဘ်ပေးလာဘ်ယူတောင် လုပ်တာပဲ။ ရခိုင်ရိုးမပေါ်မှာ သူတို့ခွင့်ပြုချက်နဲ့ သစ်ပင်တွေကို ခုတ်ပြီး သစ်ထုတ်တာ အခုအချိန်ထိ အများကြီးရှိနေတယ်" ဟု ပြောသည်။

အလားတူ ရခိုင်ကမ်းရိုးတန်းမှ ဒီရေတောဧရိယာများ ပျောက်ကွယ်လာခြင်းမှာ မီးသွေး ဖုတ်လုပ်ငန်းများနှင့် အုတ်ဖိုလုပ်ငန်းများမှ ခုတ်လှဲမှု၊ ပုစွန်နှင့်ငါးမွေးမြူရေကန်များ၏ ဒီရေတောများကိုခုတ်ထွင်းရှင်းလင်းကာ တိုးချဲ့လုပ်ကိုင်လာမှုတို့ကြောင့် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"ဒီရေတောတွေပြုန်းတီးလာတာကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပုံမှန် မရရှိတဲ့အခါမှာ မြို့နေလူထုတွေအထိ မီးသွေးနဲ့ထင်းကို အဓိကလိုအပ်လာကြတယ်။ အဲဒီမီးသွေးနဲ့ ထင်းစတဲ့အစားထိုးလောင်စာတွေကလည်း ဒီရေတောသစ်ပင်တွေကလာတာဆိုတော့ ပြုန်းတီးမှု ရှိလာတယ်။ နောက်တချက်က ပုစွန်မွေးမြူရေးလုပ်ငန်းတွေက စက်ယန္တရားတွေနဲ့ တာပေါင်တွေ ဆည်ပြီးတော့ တိုးချဲ့လုပ်ကိုင်လာတော့ ဒီရေတောဧရိယာတွေ ပျောက်ကွယ်လာတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သစ်တန်ချိန် ၁၈၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၅,၀၀၀ ကျော်အထိဖမ်းမိခဲ့သည့်အတွက် မှောင်ခိုထုတ်သည့် သစ်တန်ချိန်သည် ၃ ဆနီးပါးပိုများလာခဲ့သည်ဟု ပြည်နယ်သစ်တောဦးစီးဌာနက နိရဥ္စရာကို ပြောဆိုခဲ့ဖူးသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ ရခိုင်ပြည်နယ်အတွင်း သစ်ခိုးထုတ်သည့် စက်လှေ ၄၃ စီး၊ ယာဉ် ၁၆ စီးနှင့် တရားခံ ၂၈၈ ဦးအထိဖမ်းဆီးရမိထားပြီး အမှုဖွင့် အရေးယူထားသည်ဟုလည်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ရခိုင်တွင် သစ်တောဧရိယာစုစုပေါင်း ၂,၇၆၀,၀၀၀ ကျော်ရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ်အတွင်း ကောက်ခံထားသည့်စာရင်းများအရ သိရသည်။

အလားတူ ယခင်က ဒီရေတောဧက ၄ သိန်းကျော်ရှိခဲ့ရာမှ ၂ဝ၂၁ ခုနှစ်တွင် ဧက ၁ သိန်းခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အစိုးရအနေဖြင့် နှစ်စဉ်သစ်ပင်များပြန်လည်စိုက်ပျိုးမှုရှိနေသော်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်းလုပ်ဆောင်မှုမရှိသည့်အတွက် အဆိုပါသစ်ပင်များကိုထိန်းသိမ်းနိုင်မှုအားနည်းပြီး ဖြစ်ထွန်းရှင်သန်မှုလည်း အလွန်နည်းပါးကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက ပြောသည်။ (NN-23)

ဓာတ်ပုံ - ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနကဖမ်းဆီးရမိထားသည့် သစ်များအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ