တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ရေပြန်ကျသွား၍ ကုန်းလမ်း၊ ရေလမ်း ပြန်ဖွင့်


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 557

ရခိုင်ပြည်နယ်အတွင်းရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ရေပြန်ကျသွားပြီဖြစ်၍ယာယီပိတ်ထားခဲ့ရသည့် ကုန်းလမ်း၊ ရေလမ်းများကိုလည်း ပြန်လည်ဖွင့်လှစ်နေကြပြီဟု သိရသည်။

သြဂုတ်လ ၈ ရက်က ယာယီပိတ်ထားခဲ့ရသည့် စစ်တွေ-ကျောက်တော်-မြောက်ဦး-မင်းပြား ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများကို ယမန်နေ့ သြဂုတ်လ ၉ ရက်တွင် ပြန်လည်ပြေးဆွဲနေကြပြီဟု ကားသမားများက ပြောသည်။



စစ်တွေ-မြောက်ဦးယာဉ်လိုင်းမှ ကားသမား ကိုမျိုးသန့်ဇင်က “ကျနော်တို့ မနေ့ကနေ ပြန်ဆွဲနေကြပါပြီ။ မနေ့ကနေ ရေပြန်ကျသွားတော့ ကားလမ်းတွေပေါ်မှာလည်း ရေကျော်နေတာတွေမရှိလို့ အခက်အခဲမရှိတော့ပါဘူး” ဟု ပြောသည်။

အလားတူ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်ဘက်သို့ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်းခရီးစဉ်အချို့ကိုလည်း သြဂုတ်လ ၈ ရက်တွင် ရာသီဥတုဆိုးဝါးနေခဲ့၍ ရပ်နားခဲ့ရာမှ ယမန်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီဟု သိရသည်။

ရခိုင်တွင် သြဂုတ်လ ပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ရေများမြင့်တက်ခဲ့၍ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့နယ်များတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည်။


ယင်းသို့ ရေလွှမ်းမိုးမှုကြောင့် ဒေသခံအချို့ သေဆုံးမှုများဖြစ်ပွားခဲ့သလို ကျေးရွာအများအပြားရေနစ်မြုပ်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် စိုက်ပျိုးပြီးစ စပါးခင်းများနှင့် သောက်သုံးရေကန်များပျက်စီးခဲ့ကာ ကျွဲ၊ နွားတိရစ္ဆာန်များလည်း ရေနှင့်မျောပါ ပျောက်ဆုံးမှုများရှိခဲ့ကြသည်ဟု ဆိုသည်။

ယမန်နေ့နံနက်အစောမှစတင်ကာ မြစ်ရေများ ပြန်ကျသွားပြီဖြစ်၍ ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရသူများ မိမိတို့၏နေရပ်သို့ ပြန်လည်နေထိုင်နိုင်ကြပြီဖြစ်သော်လည်း ရွှံ့နွံများ တင်ကျန်နေခဲ့မှုကြောင့် နေထိုင်ရေး အခက်အခဲများဖြစ်နေကြသေးသည်ဟု သိရသည်။ 

ဆက်စပ် သတင်းများ