ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ ရုရှားခရီးစဥ်ဖော်ဆောင်ရန် ရှေ့ပြေးအဖြစ် ရုရှားခရီးသွားအဖွဲ့ဝင် ၁၀ ဦး ငပလီသို့ ၂ ရက်ကြာ ရောက်ရှိခဲ့


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 735

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ကောင်စီကဖော်ဆောင်နေမည့် ရုရှားခရီးစဥ်အတွက် ရှေ့ပြေးအဖြစ်လုပ်ဆောင်ရန် ရုရှားခရီးသွားအဖွဲ့ဝင် ၁၀ ဦးသည် ငပလီမြို့သို့ ၂ ရက်ကြာရောက်ရှိခဲ့သည်ဟု သိရသည်။


သူတို့သည် ကမ္ဘာလှည့်ခရီးသွားအေးဂျင့်များနှင့် ခရီးသွားလုပ်ငန်းလုပ်ဆောင်မည့်သူများဖြစ်ပြီး သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ငပလီကမ်းခြေသို့ ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ​ညွှန်ကြား‌ရေးမှူး ဦးတင်ထွန်းအောင်က နိရဥ္စရာသတင်းဌာနကိုပြောသည်။

 

ရုရှားလူ ၁၀ ယောက်ပါတဲ့အဖွဲ့ ငပလီမှာ ရောက်ခဲ့တယ်ပေ့ါနော်။ မြန်မာပြည်ရဲ့ခရီးစဥ်အခြေနေတွေကို သူတို့ရှရှားကို သတင်းပေးမှာပေါ့နော်။ အဲ့ဘက်က ဒီဘက်ကိုလာဖို့အတွက် စီစဥ်နေကြတာပါ”ဟုပြောသည်။

 

သူတို့သည် ငပလီတွင် အောက်တိုဘာ ၂၉ ရက်အထိနေခဲ့ပြီး ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ​တာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ၊ ခရီးသွားလာရေးအေးဂျင့်များနှင့် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

 

ယင်းနောက် သူတို့သည် ယမန်နေ့ အောက်တိုဘာ ၃၀ ရက်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။

 

ယခုနှစ်ခရီးသွားရာသီကိုကြိုဆိုသောအားဖြင့် လာမည့်နိုဝင်ဘာလအတွင်းတွင် ငပလီကမ်းခြေအတွင်း ဆောင်းဦးပွဲတော်ကျင်းပသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံမှ ရုရှားနိုင်ငံသား ၃ဝ ကျော်ပါဝင်သည့် ခရီးစဉ်တစ်ခုကိုလည်း ရခိုင်ပြည်သို့ လာရောက်လည်ပတ်ရန်စီစဉ်ထားသည်ဟု စစ်ကောင်စီပိုင် မြန်မာအသံနှင့်ရုပ်မြင်သံကြားသတင်းတွင် အောက်တိုဘာ ၅ ရက်က ကြေညာသွားခဲ့ကြောင်း သိရသည်။

 

ယင်းခရီးစဥ် ထမြောက်အောင်မြင်နိုင်ရေးအတွက် အဆိုပါ ရုရှားခရီးသွားအေးဂျင့်များသည် ငပလီသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

 

စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ယခုနှစ်ခရီးသွားရာသီအတွက် ပြည်တွင်း ပြည်ပခရီးသွားများအနေဖြင့် ဦးစားပေးသွားရောက်လည်ပတ်နိုင်သည့် ဒေသ ၁၄ ခုကို ထုတ်ပြန်ခဲ့ရာတွင် ရခိုင်မှ ကျောက်ဖြူ၊ ငပလီ၊ မာန်အောင်မြို့တို့သာ ပါဝင်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်မှုများသည့် ရှေးဟောင်းမြို့တော် မြောက်ဦးဒေသကိုမူ ချန်လှပ်ထားခဲ့ကြောင်း သိရသည်။

 

ဦးတင်ထွန်းအောင်ကအဓိက ရခိုင်မှာ ခရီးစဥ်ဖော်ဆောင်နေတာ ငပလီပါပဲ။ ငပလီနဲ့မြောက်ဦးကိုလာလည်တဲ့သူက စိတ်ခံစားချက်ကွာတာပေ့ါနော်။ ငပလီကိုကျ အများစုက စိတ်အပန်းဖြေဖို့လာကြတာပေ့ါနော်။မြောက်ဦးကိုကျ စိတ်ခံစားချက်မတူဘူးပေ့ါနော်။ ရှေးခေတ်လက်ရာတွေနဲ့ ဘုရားဖူးချင်ရင်တော့ မြောက်ဦးကိုသွားကြတာပေါ့နော်”ဟုပြောသည်။

 

ယင်းအပြင် ငပလီကမ်းခြေရှိ အဘဲကျေးရွာတွင် တောင်ပေါ်ရှုခင်းကြည့်နိုင်သည့် ပထမဆုံး နေရာသစ်တစ်ခုကို စက်တင်ဘာလမှစတင်၍ အကောင်ထည်ဖော်လျက်ရှိကြောင်း သိရသည်။

 

လက်ရှိအချိန်ထိ ယင်းနေရာ၌ ရွက်ဖျင်တဲ (၄)လုံး တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။

 

ငပလီကမ်းခြေ၏ဟိုတယ်ဇုန်၌ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ အလုံး (၅၀) ခန့်ရှိပြီး လာမည့်ခရီးသွားရာသီအတွင်း ရခိုင်ပြည်အတွင်းသို့ နိုင်ငံခြားသားခရီးသည်များဝင်ရောက်လည်ပတ်မှုများပြားပါက ဒေသအတွင်းအကျိုးစီးပွားဖြစ်ထွန်းကာ လက်လုပ်လက်စားများအတွက်လည်းစီးပွားရေးအဆင်ပြေသည်ဟု ဒေသခံများကပြောသည်။ (NN-11)

 

ဓာတ်ပုံ - ငပလီကမ်းခြေတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် ဆောင်းဦးပွဲတော်၌ ရခိုင်သူအချို့က ရခိုင်အကဖြင့် ဖျော်ဖြေခဲ့စဥ်။

 

ဆက်စပ် သတင်းများ