အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

ရခိုင်တွင် အမျိုးသမီးများအပေါ် ကာယအိန္ဒြေပျက်ပြားအောင် စနောက်မှုများ ပပျောက်ရန်အတွက် အမျိုးသားများသည်လည်း ပူးပေါင်းပါဝင်ရန်လိုအပ်


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 338

ရခိုင်ပြည်နယ်တစ်ဝန်းတွင် အမျိုးသမီးများကို ကာယအိန္ဒြေပျက်ပြားအောင် စနောက်မှုများပပျောက်ရန်လိုအပ်နေသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများကပြောသည်။


ရခိုင်က မြို့နယ်များတွင် လက်ရှိအချိန်ထိ အမျိူးသမီးများအပေါ် နုတ်ဖြင့်ဖြစ်စေ၊ အမှုအရာဖြင့်ဖြစ်စေ စနောက်ပြောဆိုမှုများသည် အမျိုးသမီးများ၏ ပတ်ဝန်းကျင်တွင် ယနေ့တိုင်တွေ့ရှိနေရသည်ဟု ဒေသခံအမျိုးသမီးများက ပြောသည်။


"လမ်းတွေသွားရင် မိန်းကလေးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ ဝတာပိန်တာတွေကိုကြည့်ပြီးတော့ စနောက်ကြတယ်။ ဒီလိုတွေစနောက်တဲ့အခါ မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုကိုစိတ်မလုံခြုံသလိုခံစားလာရတယ်။ ကိုယ့်ကိုယုံကြည်မှုတွေ လျော့နည်းသွားစေတယ်။ စိတ်အားငယ်မှုတွေဖြစ်စေတယ်" ဟု စစ်တွေမြို့ဒေသခံ အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မစောသန္တာကျော်က နိရဉ္စရာသို့ပြောသည်။


ထိုသို့စနောက်မှုများပြုလုပ်ရာတွင်လည်း အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှု၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ကြည့်ရှုကာ လိင်ပိုင်းဆိုင်ရာစကားလုံးများဖြင့် စော်ကားပြောဆိုမှုများသည်လည်း အမျိုးသမီးများအပေါ် ကာယအိန္ဒြေပျက်ပြားစေသည့်အပြင် စိတ်ဒဏ်ရာဖြစ်စေသည်ဟု မစောသန္တာကျော်က ဆက်ပြောသည်။


"မိန်းကလေးတစ်ယောက်က ဘာဝတ်ဝတ် သူတို့ကအဲဒါကိုကြည့်ပြီး စနောက်ပြောဆိုနေစရာမလိုဘူး။ တချို့ဆို မိန်းကလေးအချင်းချင်းတောင်မှ ကိုယ်ခန္ဓာတည်ဆောက်ပုံကိုကြည့်ပြီးတော့ လှောင်ပြောင်ပြောဆိုကြတာတွေလည်းရှိတယ်။ ဒါတွေက မလုပ်သင့်၊ မပြောသင့်ဘူးပေါ့နော်။ ဒီလိုပြောဆိုစနောက်တာတွေက စိတ်ဒဏ်ရာတွေရမယ်။ စိတ်ဓာတ်ကျဆင်းတာတွေဖြစ်တတ်တယ်။ ကိုယ့်ကိုအလိုမကျဖြစ်လာပြီးတော့ ကိုယ့်ကိုသတ်သေဖို့အထိတောင် တွေးဖြစ်သွားကြတာတွေလည်းရှိတယ်" ဟုပြောသည်။ 


အမျိုးသမီးများအပေါ် စနောက်ပြောဆိုမှုများကို ယဉ်ကျေးမှုတစ်ရပ်အနေဖြင့်လည်း လက်ခံ၍မရနိုင်သလို ယောက်ျားများအပေါ်တွင်လည်း အမျိုးသမီးများက ထိုသို့စနောက်မှုပြုလျှင်ကား မိမိတို့လည်း မခံမရပ်နိုင်သဖြင့် အမျိုးသမီးများအပေါ်ကိုယ်ချင်းစာစိတ်ထားကာ စနောက်မှုများမပြုလုပ်ကြရန် ရမ်းဗြဲဒေသခံလူငယ်တစ်ဦးက ပြောသည်။


"မိန်းကလေးတွေသည်လည်း ယောက်ျားတွေလိုပဲ သွားလာဝတ်စားဆင်ယင်မှုတွေ ပြုလုပ်နေကြတဲ့လူတွေဖြစ်တယ်။ ကိုယ်တွေယောက်ျားလေးအနေနဲ့ မိန်းကလေးတွေဆီက ခန္ဓာဖြစ်တည်ပုံတွေ၊ ဝတ်စားတာတွေကြည့်ပြီး စနောက်ခံရရင် ကိုယ်တွေကလည်းမခံနိုင်တဲ့အတွက် အဲဒီမိန်းကလေးတွေကို ကိုယ်ချင်းစာစိတ်ထားပြီး စနောက်မှုတွေ မပြုလုပ်သင့်ဘူးလို့ ထင်မိပါတယ်" ဟုပြောသည်။


မင်းပြားမြို့ ဒေသခံလူငယ်တစ်ဦးဖြစ်သည့် ကိုရဲလင်းက "မိန်းကလေးတွေကို ကိုယ့်အမေတွေ၊ ညီမတွေ၊ အစ်မတွေလိုမျိုး ကိုယ်ချင်းစာတရားနဲ့ ဆက်ဆံဖို့လိုပါတယ်။ ပါးစပ်စည်းစောင့်တတ်တဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့အရေးကြီးတယ်။ အခု ဒီလိုတိုးတက်နေတဲ့ ခေတ်မှာတောင် မိန်းကလေးတွေကို ပါးစပ်သရမ်းတဲ့သူတွေကတော့ အပြုအမူကောင်းမရှိတဲ့၊ သိက္ခာမဲ့တဲ့သူတွေလို့ ဆိုရမယ်။ သူတို့လိုလူတွေ ဒီအသိုင်းအဝိုင်းမှာ နည်းလာအောင်အတွက်လည်း အသိပညာပေးတာတွေ လုပ်ရမယ်" ဟု ပြောသည်။

ရခိုင်တွင် အမျိုးသမီးများအပေါ် ကာယအိန္ဒြေပျက်ပြားအောင် စနောက်မှုများ ပပျောက်ရန်အတွက် အမျိုးသားများသည်လည်း ပူးပေါင်းပါဝင်ရန်လိုအပ်သည်ဟု ရခိုင်အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးက ပြောသည်။


"ဒီလိုကိစ္စတွေမဖြစ်အောင် အမျိုးသားတွေအနေနဲ့လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ မြှင့်တင်ဖို့လိုတယ်။ မိန်းကလေးတွေကို ကိုယ့်အမေ၊ အစ်မ၊ ညီမတွေလိုမျိုး သဘောထားစာနာစိတ်ရှိဖို့လည်းလိုတယ်။ ဘယ်လောက်ပဲအဖွဲ့အစည်းတွေက သင်တန်းတွေပို့ချချ၊ ကမ်ပိန်းတွေလုပ်လုပ် စိတ်ဓာတ်ပိုင်းဆိုင်ရာကနေ ပြုပြင်မပြောင်းလဲနိုင်ရင် အရာမထင်ဘူး။ ဒီလိုစနောက်တာတွေက ပြစ်မှုမြောက်တယ်" ဟုပြောသည်။


အမျိုးသမီးငယ်များသည် ဖြတ်သန်းနေရသည့်ပတ်ဝန်းကျင်တွင် မောင်အရွယ်မှစ၍ အဖိုးအရွယ်တို့၏ နည်းအမျိုးမျိုးဖြင့် နေ့စဉ်နှင့်အမျှ ပါးစပ်အရသာခံပြီး စနောက်ခြင်းခံနေရပြီး ယင်းသို့ စနောက်နေကြသည်များကို ပုံမှန်အနေအထားတစ်ခုအဖြစ် သတ်မှတ်နေကြသူများကိုလည်း ရခိုင်အမျိုးသမီးအသိုင်းအဝိုင်းက ရှုတ်ချပြောဆိုသည်။


ရခိုင်အခြေစိုက် Women Generation အဖွဲ့က ပြီးခဲ့သည့်နှစ် မတ်လ ၂၀ ရက်တွင် အမျိုးသမီးများအပေါ် စနောက်ခြင်းများရပ်တန့်ရေး ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြသေးသည်။ သို့ရာတွင်လည်း လက်ရှိအချိန်ထိ ရခိုင်ဒေသအများအပြားတွင် အမျိုးသမီးများအနေဖြင့် အသက် အရွယ်မရွေး အမျိူးသားများ၏ စနောက်ခံနေရဆဲဖြစ်သည်ဟု ဆိုကြသည်။

ဓာတ်ပုံ- Women Generation

ဆက်စပ် သတင်းများ