အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

စစ်ရေးပဋိပက္ခကာလ ဖိနှိပ်ကန့်သတ် ဘောင်ခတ်ခံထားရသည့် ရခိုင်အမျိုးသမီးများ၏ တက်ကြွလှုပ်ရှားခွင့်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 310

ရခိုင်တွင် အမျိုးသမီးအဖွဲ့စည်းအချို့မှာ စစ်ကောင်စီ၏ခြိမ်းခြောက်မှုကြောင့်တိမ်းရှောင်နေခြင်းများ၊ မီဒီယာရှေ့တွင် မထွက်နိုင်သည့်အနေအထားနှင့်ရင်ဆိုင်ခဲ့ရသည်ဟု ရခိုင်ကအမျိုးသမီးအဖွဲ့အစည်းအချို့က ပြောသည်။ ရခိုင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်းနှင့် တကျော့ပြန်တိုက် ပွဲပြန်လည် စတင်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လလယ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှစတင်၍စစ်ကောင်စီသည် ရခိုင်ဒေသအတွင်းက ဒေသခံပြည်သူများအပြင် လူမှုရေးလှုပ်ရှားနေသည့် အရပ်ဖက်အဖွဲ့အစည်းများကို ဦးတည်ပြီး ဖမ်းဆီးမှုများရှိခဲ့ကြောင်း သိရသည်။

“ပထမတကျော့ပြန်တိုက်ပွဲတုန်းကတည်းက ကျမတို့အမျိုးသမီးအဖွဲ့တွေရဲ့လှုပ်ရှားမှုကို စစ်ကောင်စီကမျက်ခြေမပြတ်စောင့်ကြည့်နေခဲ့တာ။ အခုကပိုဆိုးသွားပြီ။ ကျမတို့မြေပြင်နဲ့ကင်းဝေးသွားပြီ။ ခုဆိုရင် တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ကျမတို့အဖွဲ့စည်းတွေတကယ်လိုအပ်နေတဲ့ ဒေသခံတွေကို သွားပြီး ကူညီပေးလို့မရဘူး။ အဲ့ဒီအခက်ခဲနဲ့ကြုံနေရတယ်”ဟုပြောသည်။

စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂကဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက်ဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့သဖြင့် စစ်တွေရခိုင်အမျိုးသမီးကွန်ရက်ဥ‌က္ကဋ္ဌဒေါ်ညိုအေးသည် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး ၅၀၅(က)ဖြင့်တရားစွဲဆိုခံလိုက်ရသည်။ ယခုကဲ့သို့ရခိုင်တွင် နိုင်ငံရေးကို တွင်တွင်ကျယ်ကျယ်လုပ်သည့်အမျိုးသမီးခေါင်းဆောင်းများကို စစ်ကောင်စီက မတရားဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းသည် အမျိုးသမီးများကိုသာမက နိုင်ငံရေးလှုပ်ရှားသူများကို ခြိမ်းခြောက်မှုပြုလုပ်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ထောင်တွင်းကအမျိုးသမီးများမှာလည်း လူ့အခွင့်ရေး ချိုးဖောက်မှုများ ကြုံနေရကြောင်း ထောင်တွင်းသတင်းများအရ သိရသည်။

အမျိုးသမီးများကိုအကြမ်းဖက်ဖမ်းဆီးထောင်ချမှုများရှိလာသည့်အတွက် “ဒီအမျိုးသမီးတွေက သူတို့ရဲ့အစွမ်းအစတွေပြသနိုင်ဖို့အတွက်အခွင့်အလမ်းလည်းပိုဆုံးရှုံးသွားနိုင်တယ်။ တဖက်ကလည်းကျမတို့တောက်လျှောက်ပြောနေတဲ့ နိုင်ငံရေးအရ၊စီးပွားရေး၊ လူမှုရေးအရဦးဆောင်ပါဝင်နိုင်တဲ့အခွင့်အလမ်းတွေနည်းလာနိုင်တယ်”ဟု မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့၏ အကြံပေး ဒေါ်တင်တင်ညိုက ပြောသည်။

"အဓိက နိုင်ငံရေးမှာလက်ရှိဦးဆောင်မှုပြုနေကြတဲ့ပါတီ သော်လည်းကောင်း၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းသော်လည်းကောင်း ဒါတွေက လူမှုအသိုင်းအဝိုင်းမှာ တစ်စုံတစ်ရာလွှမ်းမိုးမှုရှိနေတဲ့အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကိုယ်တိုင်ကိုက အမျိုးသမီးတွေနိုင်ငံရေးမှာပါဝင်လာနိုင်တဲ့အနေအထားတွေရှိလာအောင် ဆွဲခေါ်တာတွေ၊ လမ်းဖွင့်ပေးတာတွေ၊ အခွင့်ရေးတွေရှိအောင် လုပ်ပေးတာတွေလုပ်ပေးရမယ်။ တစ်ဖက်ကလည်း ရခိုင်အမျိုးသမီးတွေ နိုင်ငံရေးမှာပိုမိုပါဝင်နိုင်အောင် တိုက်တွန်းနှိုးဆော်တာတွေ၊ စည်းရုံးလှုံ့ဆော်တာတွေလည်းပိုလုပ်ရမယ်။ ဘာလို့လဲဆိုတော့ လက်ရှိရခိုင်ပြည်ရဲ့အနေအထားအရဆိုရင် တခြားပြည်နယ်တွေလိုပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုတွေရှိတယ်ပြီးတော့မှ စစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့အတွက်ကြောင့်မလို့ နိုင်ငံရေးအရ ခြိမ်းခြောက်မှုတွေ၊ စိန်ခေါ်မှုတွေ၊ အသက်ဘေးအန္တရာယ်ကလည်း အရမ်းကြီးမားတယ်။ ဒီအရာတွေက တစ်ဖက်မှာပြောမယ်ဆိုရင်ရခိုင်အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်လာဖို့အတွက်အဟန့်အတားတွေဖြစ်နိုင်တယ်" ဟု ဆက်လက်ပြောဆိုသည်။

ရခိုင်အမျိုးသမီးများအတွက် အခြားတစ်ဘက်တွင်လည်း စိန်ခေါ်ကန့်သတ်ချက်များ ရှိပါသေးသည်။  နိုင်ငံရေးသည် အမျိုးသမီးများနှင့် မသက်ဆိုင်ဟုဆိုသည့် အတွေးအခေါ်များ၊ အချိန်တန် အိမ်ထောင်ပြု လင်ယူသားမွေးသည့် ထုံးတမ်းစဉ်လာ အတွေးအခေါ် အကြမ်းဖက်မှုများကလည်း ယခုထိ ရခိုင်အမျိုးသမီးများအတွက် စိန်ခေါ်ဖွယ် အကြောင်းအရာတစ်ခုအပါအဝင်ဖြစ်သည်

"ရခိုင်အမျိုးသမီးတွေကို ပညာသင်ခွင့်ကို အားပေးရမယ်၊ ပညာတတ် ရခိုင်အမျိုးသမီးတွေကို ဦးဆောင်နိုင်တဲ့ နေရာတွေမှာ တွန်းအားပေးရမယ်၊ ဒါကြောင့် ရခိုင်က အမျိုးသမီးတွေကို ရခိုင်ထဲမှာပဲ ပိတ်မိမနေဘဲ နိုင်ငံတကာကို ကျောင်းသွားတက်ပြီးမှ ရခိုင်နိုင်ငံရေးကို ဦးဆောင်စေချင်တယ်၊ ဒါဆို ရခိုင်နိုင်ငံရေးမှာသာမက မြန်မာနိုင်ငံရေးအတွက်ပါ အကျိုးရှိပါလိမ့်မည်၊ ခေတ်မှီပညာတတ်ရခိုင်အမျိုးသမီးတွေ၊ ရခိုင်လူငယ်တွေ၊ နိုင်ငံတကာမှာ ကျောင်းတက်ပြန်လာတဲ့ ရခိုင်လူငယ်တွေကို နေရာပေးပြီး ရခိုင်နိုင်ငံရေးကို ဦးဆောင်စေချင်တယ်၊ အဲဒီထဲမှာ အမျိုးသမီးတွေ ပါဝင်ဖို့ ပါဝင်လာနိုင်အောင် အခွင့်အရေးတွေဖန်တီးပေးသင့်တယ်။ ရခိုင်အမျိုးသမီးတွေက မလုပ်တာမဟုတ်ဘဲ လုပ်ခွင့်မရသေးတာပါ၊ ရခိုင်အမျိုးသမီးတွေက တော်ကြပါတယ်" ဟု သတင်းထောက်၊ ရှပ်ရှင် ဖန်တီးသူတစ်ဦးဖြစ်သည့် ရခိုင် ကမန် အမျိုးသမီးတစ်ဦးကလည်း အမြင်များကို မျှဝေခဲ့သည်။

"စုံလင်ကွဲပြားတဲ့တိုင်းရင်းသားလူမျိုးတွေ၊ လူမျိုးစုတွေ၊ ဘာသာကွဲတွေ အရမ်းကိုများတယ်။ စုံလင် ကွဲပြားတဲ့လူမျိုးတွေရဲ့အခြေနေ အနေအထား၊ အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းစဉ်းစားပေးတဲ့အနေထားကတောက်လျှောက်နည်းခဲ့တယ်။ ဒီလိုအနေထားမှာမှ ဒီလူမျိုးစု တစ်စုမှာရှိနေတဲ့အမျိုးသမီးတွေအတွက်ကတော့ တန်းတူအခွင့်ရေးရရှိဖို့ဆိုတာက ဘက်ပေါင်းစုံ အကန့်သတ်တွေရှိနေခဲ့တယ်။ ရှိလည်းရှိနေအုံးမယ်။ အကန့်အသတ်တွေထဲမှာ ဒီနိုင်ငံရေးအရ ပါဝင်ပတ်သက်မှု အပိုင်းတစ်ခုကိုရောက်ဖို့ဆိုလို့ရှိရင် ဒီအမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်နဲ့ သူတို့က တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ဦးဆောင်ကဏ္ဍတွေမှာပါဝင်နိုင်တယ်ဆိုတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ လက်ခံထားနိုင်မှုအရမ်းကိုလိုအပ်တယ်”ဟု  မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့၏ အမှုဆောင် ဒေါ်တင်တင်ညိုက ပြောသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကိုခံရမည်ကိုစိုးရိမ်စိတ်ကတစ်ကြောင်း၊ ရခိုင်မှာဆိုလျှင် ရှေးအယူဝါဒ ယခင်ကကတည်းကပင် အမျိုးသမီးများသည် အမျိုးသားများအောက် နိမ့်ကျသည်ဟု ရှေးရိုးစွဲအယူအဆများကြောင့်ပင် အမျိုးသမီးအဖွဲ့စည်းများနည်းပါးခဲ့သည်ဟု ဆိုရပေမည်။

လတ်တလော မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေပြီး အမျိုးသမီးများ၏ လုံခြုံရေးမှာလည်း စိုးရိမ်စရာ အမြင့်ဆုံးအခြေအနေဖြစ်နေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုကြောင့် အမျိုးသမီးဦးရေ ၃,၆၄၇ ထိ ပြစ်ဒဏ်ချမှတ် ခံထားရပြီး မြန်မာ့အမျိုးသမီးသမဂ္ဂ၏ စာရင်းတွင် ဖော်ပြထားသည်။ သို့ပါသော်လည်း ယင်းကဲ့သို့ဖိနှိပ်မှု၊ အကြမ်းဖက်သည့် ဥပဒေ၊ အယူအဆများကြားမှ စွမ်းဆောင်ရည်ပြသနိုင်သည့်အမျိုးသမီးများလည်း နိုင်ငံတဝှမ်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပို၍ တဖြည်းတဖြည်း ရှိလာခဲ့ကြောင်းသိရသည်။

ဆက်စပ် သတင်းများ