အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုနေကြသောကျောင်းသား၊ ကျောင်းသူများကို စစ်သားများက ရိုင်းစိုင်းစွာဆဲဆိုခြိမ်းခြောက်၍ စိုးရိမ်နေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုနေကြသည့် မြန်မာစာ၊ သမိုင်း အဝေးသင် ကျောင်းသူ ကျောင်းသားတချို့ကို စစ်သားများက လက်နက်များကိုင်ဆောင်ပြီး ယုတ်မာ ရိုင်းစိုင်းစွာ ဆဲဆိုမှုပြုလုပ်ခဲ့သဖြင့် စိုးရိမ်စရာဖြစ်နေရသည်ဟု ကိုယ်တိုင်အဆဲခံရသည့် ကျောင်းသူများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကျောင်းသူတစ်ဦးက ''ကျွန်မတို့သူငယ်ချင်း အားလုံး ၇ယောက် စာမေးပွဲဖြေပြီး တက္ကသိုလ်ကထွက်လာကြတော့ တက္ကသိုလ်အနားမှာရှိတဲ့ စစ်ကောင်စီတပ်သား​တွေက အ​ဝေးက​နေစပြီးဆဲဆို​နေပါတယ်။ အစကကျွန်မတို့ကို ဆဲတာလို့မထင်မိဘူး။  သေနတ်တွေ ကိုင်ပြီးတော့ ကျွန်မတို့ရှေ့ကိုလာပြီး ဖေလိုးမတွေ.. ဖေလိုးမတွေ  စောက်ခွက်တွေ တစ်​ကောင်မှ မမြင်ချင်ဘူး။  ထွက်သွား။ ဘာလဲ သေချင်ပြီလား။  ပစ်ထည့်လိုက်ရမှာလား၊ ဖေလိုးမတွေ'' ဟု  အကြိမ်ကြိမ်ဆဲဆိုခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၅ ရက်နေ့က နယ်မြို့များက ပထမနှစ်နှင့် ဒုတိယနှစ်ဝင်ရောက်ဖြေဆိုနေကြသော အသက် ၂၂အရွယ် မသိန်းသိန်းစံ (အမည်လွဲ) နှင့် မနှင်းယုစံ(အမည်လွဲ) နှစ်ဦးတို့သည် တစ်ခြားသူငယ်ချင်း ငါးယောက်နှင် အတူ စာမေးပွဲဖြေဆို၍ ကျောင်းမှ ထွက်လာစဉ် တက္ကသိုလ်အနီး ​နေရာယူထား​သည့် စစ်သားများက ထွက်လာပြီး ထိုသို့ ယုတ်မာ ရိုင်းစိုင်းစွာဆဲဆိုပြီး ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ပြောဆိုသည်။

“ ကျွန်မတို့မှာ​ကြောက်လည်း​ကြောင်း၊ရှက်လည်းရှက်နဲ့၊​ပြေးလာခဲ့ရ​ပါတယ်။ ဘာမှလည်း သူတို့ကို ပြောတာလည်း မရှိဘူး။ ကိုယ့်ဟာကိုယ် စကားပြောပြီးထွက်လာကြတာ။ ရှေ့ကို လာပြီး အခုလို သေနတ်တွေကိုင်ပြီး ဆဲဆိုခြိမ်းခြောက်တော့ အရမ်းကို စိုးရိမ်သွားပါတယ်”ဟု ၎င်းကျောင်းသူက ဆက်လက်ပြောကြားသည်။

စစ်တွေတက္ကသိုလ်တွင် ပထမသုတ် ဒုတိယသုတ်တို့ဖြေဆိုပြီးသွား၍ ယခုတတိယသုတ်အနေဖြင့်​ နိုဝင်ဘာ ၁၃ ရက်နေ့မှ တနင်္လာနေ့မှ စတင်ကာ စာမေးပွဲ ဖြေဆိုနေကြရပြီး  သုံးရက်မြောက်နေ့တွင် ယခုလို အဖြစ်မျိုးကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

နောက်ထပ် သုံးရက် စာမေးပွဲ ဖြေဆိုကြရအုံးမည်ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၁၈ ရက် စနေနေ့တွင် မှ စားမေးပွဲ ပြီးဆုံမည်ဖြစ်သဖြင့် အလွန်စိုးရိမ်နေမိသည်ဟု ၎င်းတို့က ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့မှ ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူက ''ကျွန်တော်တို့က ဒီမှာ ကြောင့်ကြ နေရပါတယ်။ စာမေးပွဲကလည်းမပြီးသေးဘူး။ ဒီလိုသတင်းတွေကြားရတော့ အံ့သြတုန်လှုပ် စိုးရိမ်မိပါတယ်။ ဘာအန္တရာယ်မှမရှိတဲ့၊ ဘာလက်နက်မှမကိုင်ဆောင်ထားတဲ့ အပြစ်မဲ့ အရပ်သားပြည်သူ ကျောင်းသားကျောင်းသူတွေကို ရိုင်းစိုင်းယုတ်မာဆဲဆို ခြိမ်းခြောက်နေတာတွေဟာ လုံးဝမလုပ်အပ်တဲ့  အလုပ်ပါ။ ပြီးတော့ဒါကို ရခိုင်ပြည်နယ်ကောင်စီအဖွဲ့အနေနဲ့လည်း အလေးထား ဆောင်ရွက်ပေးစေလိုပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ လုံခြုံမှုကို အထူးတာဝန်ယူ ပေးစေချင်ပါတယ်” ဟု ပြောဆိုသည်။

တက္ကသိုလ်စာမေးပွဲဝင်ရောက်ဖြေဆိုနေကြသော ကျောင်းသူကျောင်းသားများအား  အကြောင်းမဲ့ ယခုလို ယုတ်မာစွာ ဆဲဆိုခြိမ်းခြောက်ခံခဲ့ရမှုအပေါ်  စိုးရိမ် ကြောက်လန့်နေကြပြီး၊ ကျန်ဖြေဆိုကြရမည့် ဘာသာရပ်များ၌ အာရုံ မစူးစိုက်နိုင်အောင်လောက်ထိ ဖြစ်နေကြရသည်ဟု  ကျောင်းသားကျောင်းသူများက ပြောဆိုသည်။ NN-30

 

Photo by Myanmar Education Guide

ဆက်စပ် သတင်းများ