ကြာသပတေး၊ အောက်တိုဘာလ ၃ရက်၊ ၂၀၂၄

ပေါက်တောမှ စက်လှေနှင့် ထွက်ပြေးလာသူများကို နေဗီကလက်နက်ကြီးဖြင့် လှမ်းပစ်၍ စက်လှေမောင်းသူတစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

 ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ စက်လှေများနှင့်ထွက်ပြေးလာသူများကို နေဗီက လက်နက်ကြီးဖြင့်လှမ်းပစ်သဖြင့် ကျည်စထိမှန်၍ စက်လှေမောင်းသူတစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ဒဏ်ရာရသွားသူမှာ စက်လှေမောင်းသူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

ယနေ့နိုဝင်ဘာ ၁၈ ရက်၊ နေ့လယ် တစ်နာရီခွဲကျော်ခန့်က ပေါက်တောမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များကို တင်ဆောင်လာသည့် ဖိုက်ဘာ စက်လှေ ၂ စီးသည်  ပုဏ္ဏားကျွန်းမြို့နယ်သို့အရောက်တွင် စစ်ကောင်စီမှပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်မှုကြောင့် စက်လှေမောင်းသူတစ်ဦးမှာ ဒဏ်ရာရှိသွားခြင်းဖြစ်သည်ဟု သိရသည်။

သတင်းမြစ်တစ်ဦးက "သူက ပေါက်တောနယ်ကနေ လူသွားခေါ်တာ။ အဲဒီက ပုဏ္ဏားကျွန်းက ချောင်းတစ်ခုနားကိုအရောက်မှာ အပစ်ခံရတာ။ ဖိုက်ဘာစက်လှေနှစ်စီးနဲ့လာကြတာ။ နေဗီကနေလက်နက်ကြီးနဲ့ပစ်တာ။ ညာဘက်ဝမ်းဗိုက်နေရာမှာ ဒဏ်ရာရသွားတယ်။ သူကတော့ သတိရသေးတယ်။ လက်နက်ကြီးတည့်တည့်ကျတာတော့ မဟုတ်ဘူး။ လက်နက်ကြီးကျည်စ စဥ်သွားတာပေါ့" ဟုပြောသည်။

ထိုသို့ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ခဲ့သည့်အတွက်ကြောင့် စက်လှေနှစ်စီးထဲမှ စက်လှေမောင်းသူတစ်ဦးထံတွင်သာ ကျည်စထိမှန်ခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များနှင့် ကျန်ဖိုင်ဘာစက်လှေတစ်စီးမှာ လွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် အနီးအနားတဝိုက်မှ ကျေးရွာများကို နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ခြိမ်းခြောက်လာ၍ မြို့အနီးအနားရှိကျေးရွာများမှ ဒေသခံထောင်နှင့်ချီမှာ ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည်။

မိုးထဲလေထဲတွင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည့်အတွက် များစွာ အခက်ကြုံလျက်ရှိကြသည်ဟု သိရသည်။

 

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!