တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့ပေါ်တွင် အရပ်သားတစ်ဦးကို စစ်တပ်ကပစ်သတ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်တွင် ယမန်နေ့ဒီဇင်ဘာလ ၁၆ ရက် ညက ဆိုင်ကယ်ဖြင့် သွားလာနေသည့် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ပြည်တော်သာရပ်ကွက်မှ အသက် (၄၉)နှစ်အရွယ် ဦးစိန်သာဖြစ်ပြီး ကြုံရကျပန်းအလုပ်များဖြင့် အသက်မွေးသူ အရပ်သားပြည်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီဝန်းကျင်က ပိုက်သည်ရပ်ကွက်မှ ၄င်းနေအိမ်ရှိသည့် ပြည်တော်သာ ရပ်ကွက်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဥ် ကျောက်တော်မြို့အဝင် ကားဂိတ်လမ်းဆုံတွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် သေနတ်ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"သူက ပိုက်သည်ရပ်ကနေ ဆိုင်ကယ်နဲ့ပြန်လာတာ။ သူ့အသိသူငယ်ချင်းတယောက်ဆီ သွားပြီးပြန်လာတာမှာ စစ်တပ်က သေနတ်နဲ့  ပစ်တာပါ" ဟု ပြောသည်။

ဦးစိန်သာကို ကစ္ဆပနဒီတံတားအနီးကင်းပုန်းဝပ်ထားသည့် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခြင်းဖြစ်ပြီး သေနတ်ကျည်မှာ နောက်ကျောဘက် ခါးဆစ်ကိုထိမှန်သွား​၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

"သေနတ်ကျည်က ခါးဆစ်ကိုဝင်သွားတယ်။ အခုအလောင်း အိမ်ကို ပြန်ရောက်နေပါပြီ။ ဒီနေ့သဂြိုလ်ရမှာပါ" ဟု ပြောသည်။

သေဆုံးသူ ဦးစိန်သာတွင် ဇနီးနှင့်အတူ သားသမီး ၅ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့ပေါ်တွင် ညမထွက်ရအမိန့်ထုတ် ထားသော်လည်း ဦးစိန်သာ ပစ်ခတ်ခံရသည့်အချိန်မှာ ည ၉ နာရီပင်မထိုးသေးကြောင်း၊ စစ်ကောင်စီတပ်အနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်နေသလို ဖြစ်နေကြောင်းမြို့ခံများက ပြောသည်။ (NN-23)

 

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ