အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ကျောက်တော်မြို့ကို စစ်ကောင်စီက ညအချိန်ဗုံးကြဲ၊ ဓာတ်အားခွဲရုံပြိုပျက်


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ညအချိန် လေကြောင်းကနေ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတိုက်ခိုက်မှုကို မတ်လ ၅ ရက် နံနက်အစောကြီး ညဉ့်အချိန် (၀၀:၂၅) နာရီအချိန်တွင် တစ်ကြိမ်၊  (၀၀:၄၀) နာရီခန့်တွင် တစ်ကြိမ်၊ နှစ်ကြိမ်လာရောက်ဗုံးခဲ့ခြင်းဖြစ်သည်ဟု ကျောက်တော်မှ မြို့ခံအမျိုးသမီးငယ်တစ်ဦးက ပြောသည်။

"စိုက်ပျိုးရေးကျောင်းနား ဓာတ်အားခွဲရုံမှာ ကျတာ။ အဆောက်အအုံပျက်သွားတယ်။ ရှေ့မှာလည်း တွင်းခံသွားတယ်။ ပေါင် ၅၀၀ ဗုံး ဖြစ်မယ်လို့ပြောကြတယ်။ အနီးကအသံကြားရတာ ကြောက်စရာကြီး အိမ်တွေတောင်ခါတယ်"ဟု ပြောသည်။

စစ်ကောင်စီ၏ ယခုတိုက်ခိုက်မှုသည် လျှပ်စစ်ဓာတ်အားခွဲရုံအား ရည်ရွယ်တိုက်ခိုက်ခြင်း ဖြစ်နိုင်ပြီး လူနှစ်ဦးအနည်းငယ်စီ ထိခိုက်မှုရှိသည်ဟု သိရသည်။

ကျောက်တော်မြို့ကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလ ၇ ရက်တွင်  အလုံးစုံ သိမ်းပိုက် လိုက်ပြီးနောက် စစ်ကောင်စီသည်  ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညတွင်လည်း လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသည့် အတွက် ပိုက်သည် ရပ်ကွက်ထဲကျရောက်ကာ လူ ၁၀ ကျော် သေဆုံးခဲ့ရကာ အများအပြားဒဏ်ရာရရှိခဲ့သည်။


ယင်းအပြင် ဖေဖော်ဝါရီလ ၂၇ ရက်တွင်လည်း ဘူးသီးတောင်တပ်ရင်းများမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံးသည် ကျောက်တော်မြို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

အလားတူ အေအေသိမ်းပိုက်ထားသည့် မင်းပြားမြို့ကိုလည်း စစ်ကောင်စီတပ်သည် လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲမှုများပြုလုပ်ခဲ့သည်။

ရခိုင်စစ်မြေပြင် တိုက်ပွဲတိုင်းတွင် အရှုံးနှင့် ရင်ဆိုင်နေရ သော စစ်ကောင်စီသည်  အပြစ်မဲ့ ရခိုင်ပြည်သူများကို ဦးတည်ပြီး လေယာဉ်များဖြင့်နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များတွင် စစ်ကောင်စီက အချိန်မရွေး လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် လေကြောင်းအချက်ပြစနစ်များကို တပ်ဆင်နိုင်ရန် အစီစဉ်များပြုလုပ်နေကြောင်းရက္ခိုင့်တပ်တော်က ယမန်နေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။(NN-7)

(ဓာတ်ပုံ- ပေးပို့) 

 

 

ဆက်စပ် သတင်းများ