တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့ တိုက်ပွဲအတွင်း နေအိမ်တချို့ပျက်စီး


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 934

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် ယနေ့ နံနက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်  နေအိမ်တချို့လည်း ပျက်စီးသွားသည်ဟု သိရသည်။

မြောက်ဦးမြို့တွင် ယနေ့  နံနက်က ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား  တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ပေါ်နှင့် လူနေကျေးရွာများကို လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲကာ နေအိမ်တချို့ပျက်စီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ပျက်စီးသွားခဲ့သည့်အိမ်မှာ မြောက်ဦးမြို့၊  တောင်ရပ်ရပ်ကွက်မှ လူသုံးကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများရောင်းချသည် ဦးဇော်အောင်နေအိမ်၊ ထွန်းသိင်္ဂရွှေဆိုင်အိမ်၊ ဦးထွန်းအေးကြိုင်အိမ်နှင့် ဦးမောင်စောထွန်းအိမ်တို့ ဖြစ်ကြသည်ဟု သိရသည်။

လက်နက်ကြီးကျည်စများ အိမ်မှန်ပြတင်းများ၊ အိမ်ခေါင်းမိုးများကို ထိမှန်ပြီးပျက်စီးသွားကြောင်း မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" တောင်ရပ်လမ်းဆုံမှာက ဆိုင်နဲ့အိမ်နဲ့က တွဲလျက်ဖွင့်ထားကြတာ။ ကျည်စမှန်လို့ အိမ်ပြတင်းပေါက်တွေ ပျက်စီးသွားတာရှိတယ်။ အိမ်တွေမှာကျည်စတွေဝင်ပြီး နံရံတွေ ပေါက်သွားတယ်။ အဲဒီအိမ်တွေကဈေးနဲ့နီးတော့ လမ်းသွားလမ်းလာတွေက မြင်ရတယ်။ အသေးစိတ်အတိအကျကိုတော့ မပြောနိုင်သေးဘူး။ နောက်ထပ် အိမ်တွေလည်း ရှိနိုင်ပါသေးတယ်" ဟုပြောသည်။


ယနေ့နံနက် ၉ နာရီကျော် ၁၀ နာရီအထိ စစ်ကောင်စီတပ်ရင်းများဖြစ်ကြသည့် တပ်ရင်း ၃၇၇ နှင့် ၅၄၀ တပ်ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းဒေသခံများက ပြောသည်။

" လက်နက်ကြီးတွေနဲ့ စစ်တပ်က ပစ်လိုက်ရပ်လိုက်ပေါ့။ လူတွေက အိမ်အောက်မှာဝပ်နေရတယ်။ အပြင်ကိုလည်း မထွက်ရဲတော့ အတိအကျမသိရဘူး။  တောင်ရပ်လမ်းဆုံက နေအိမ်မှာ မှန်တံခါးတွေ ပျက်စီးသွားတယ်။ ကျွန်မတို့လယ်ကွင်းတွေမှာလည်း လက်နက်ကြီးတွေကျတယ်။ ပြည်သူတွေလည်း မနေ့ညကနေ အခုထိပြေးနေတုန်း " ဟုပြောသည်။

မြောက်ဦးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၄ရက်၊ နံနက်  ၃နာရီ ၅၅ မိနစ် အချိန်ခန့်က ရက္ခိုင့်တပ်တော်(AA) က မြောက်ဦးမြို့အဝင် မြို့မရဲစခန်းနှင့် သူတော်မတောင် စစ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

ယင်းနောက်တွင် အဆိုပါတိုက်ပွဲဖြစ်ပွားသည့်နေရာအနီးသို့  မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းနှင့်  ၅၄၀ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပစ်ခတ်မှုကြောင့် အနည်းဆုံး အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်များလည်း အပျက်အစီးများခဲ့ရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ