စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မြောင်းဘွေတိုက်ပွဲပြင်းထန်၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၍ အရပ်သား အနည်းဆုံး၃ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

မြောက်ဦးမြို့နယ်၊မြောင်းဘွေစစ်စခန်းအား ရက္ခိုင့်တပ်တော် ( AA) မှ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ် တစ်စီးဖြင့် ပစ်ခတ်သည့်အပြင် မြောက်ဦးနှင့် မင်းပြားမြို့ အခြေစိုက် တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ဝိုင်းကူ ပစ်ခတ်သဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ယနေ့မွန်းလွဲပိုင်းက နိရဉ္စရာသတင်းဌာနကို ပြောည်။

ရဟတ်ယာဉ်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်၍ မြောင်းဘွေအုပ်စု၊ ကိုင်းတောနှင့် ဘူးတစ်လုံး မွတ်ဆလင်ကျေးရွာတွင် လက်နက်ကြီးကျည်ထိမှန်ပြီး လူ ၃ဦးသေဆုံးကာ  ၅ ဦးဒဏ်ရာ ရရှိသွားကြောင်း ၎င်းက ပြောသည်။

"နေ့လယ် တစ်နာရီကျော်အချိန်မှာ ရဟတ်ယာဉ်နဲ့  ၃ ကြိမ် ဗုံးလာကြဲလို့ ဘူးတစ်လုံးရွာက မူဆလင် ၂ ယောက်သေတယ်။ မနက်ကလည်း တပ်ရင်း ၅၄၀ က လက်နက်ကြီးပစ်လို့ ကိုင်းတောရွာမှာ တစ်ဦးသေပြီး ငါးဦးဒဏ်ရာရတယ်။ အိမ် ၆ လုံးမီးလောင်ပါတယ်။ အိမ်တစ်လုံး ပျက်သွားပါတယ်။ နောက်ပြီး နွား (၆)ကောင်သေသွားပြီး တစ်ကောင်ဒဏ်ရာ ရပါတယ်"ဟုပြောသည်။


ယင်းအပြင် မြောင်းဘွေကျေးရွာဘက်သို့  မြောက်ဦးတပ်ရင်း ၃၇၇၊၃၇၈၊၅၄၀တပ်ရင်းများမှ လက်နက်ကြီးများဖြင့်ပစ်ကူမှုများရှိပြီး ရဟတ်ယာဉ်များဖြင့် ယနေ့ နေ့လယ်  ၂နာရီခွဲအချိန်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြောင်းဘွေကျေးရွာမှဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" လက်ရှိအချိန်ထိပစ်ခတ်သံတွေကြားနေရပါတယ်။ ရဟတ်ယာဉ်လည်း ပျံဝဲလာတယ်။ ကိုင်းတောဖက်မှာ ဝဲပျံပြီးဗုံးချတာ မီးလောင်တယ်လို့သိရတယ်။ အသေးစိတ်ကိုတော့ အဲဒီရွာကပဲ သိနိုင်မှာ" ဟု ၎င်းက မွန်းလွဲ ၂ နာရီခွဲခန့်က ပြောသည်။

မြောင်းဘွေရှိ ရဲစခန်းအမည်ခံ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA )က ယနေဒီဇင်ဘာ ၂၈ ရက် နံနက်အစောကြီးမှ စ၍ထိုးစစ်ဆင်တိုက်ခိုက်၍ ယနေ့ မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။


မြောင်းဘွေရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင် ရေးအတွက် ရက္ခိုင့်တပ်တော်(AA) ဖက်မှလည်း တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီ တပ်ရင်း များမှလည်း လက်နက်များဖြင့် ပစ်ခတ်နေမှုများရှိသည့် အပြင်ရဟတ်ယာဉ် တစ်စီးဖြင့် မြောင်းဘွေအနီးအနားတစ်ဝိုက်ကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်ဟု သိရသည်။

ယနေ့ ညနေပိုင်း ၃ နာရီခန့် တွင် သေနတ်သံများ တိတ်ဆိတ်သွားကြောင်း ဒေသခံများက ပြောကြားသည်။  (NN-11) 

ဆက်စပ် သတင်းများ