စနေ၊ မေလ ၄ရက်၊ ၂၀၂၄

“မြောင်းဘွေတိုက်ပွဲအတွင်း သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရသူ ၁၆ ဦးရှိ”ဟု ညီနောင်သုံးဖွဲ့ထုတ်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

(ဒီဇင်ဘာလ (၂၄) ရက်မှ (၂၈) ရက်နေ့အထိ (၅) ရက်တာအတွင်း ရခိုင်အပြစ်မဲ့အရပ်သား ၁၈ ဦးထက်မနည်းသေဆုံးခဲ့ကာ ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့)

အဘက်ဘက်က ရှုံးနိမ့်နေသော စစ်ကောင်စီသည် ပြည်သူလူထုကိုသာအဓိက ပစ်မှတ်ထား၍  တိုက်ခိုက်လျက်ရှိပြီး မထူးဇာတ်ခင်းကာ စစ်ရာဇဝတ်မှုများကိုသာ အဓိကကျူးလွန်လျက်ရှိသည်ဟု ဒီဇင်ဘာ ၂၈ ရက်နေ့ ညီနောင်သုံးဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၈ ရက် မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းတိုက်ပွဲအတွင်း တိုက်ပွဲနှင့် မဆိုင်သည့် ကျေးရွာများအား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူငယ် ၃ ဦးအပါအဝင် ၄  ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သေဆုံးသူများမှာ ကိုင်းတောကျေးရွာရှိ မွတ်ဆလင်အမျိုးသားငယ် (၂) ဦး၊ ဘူးတစ်လုံးကျေးရွာမှ မွတ်ဆလင် အမျိုးသမီး (၁) ဦး၊ ပေါင်းတုတ်ကျေးရွာရှိ အသက် (၁၂) နှစ်အရွယ် မွတ်ဆလင်မိန်းကလေးငယ် (၁) ဦး တို့ဖြစ်ကြသည်။

ဒဏ်ရာရသူများမှာ ကိုင်းတောကျေးရွာမှ ကလေးငယ် (၁) ဦးနှင့် မွတ်ဆလင် မိန်းကလေးငယ် (၂) ဦး အပါအဝင် ၁၁ ဦး၊ ဘူးတစ်လုံးကျေးရွာမှ မွတ်ဆလင် အမျိုးသား (၁) ဦးနှင့်  ပေါင်းတုတ်ကျေးရွာ မွတ်ဆလင် အမျိုးသား (၄) ဦး၊ စုစုပေါင်း (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။


ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၆) နာရီအချိန်ခန့်တွင် မြောက်ဦး-မင်းပြား ကားလမ်းဘေးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးအထိုင်စခန်း တစ်ခုအဖြစ် တပ်စွဲ အခြေချထားသည့် “မြောင်းဘွေရဲစခန်း” အား ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲနှင့်စပ်လျဉ်း၍ စစ်ကောင်စီလက်အောက်ခံ မြောက်ဦး “ခမရ (၅၄၀)”နှင့် “ခမရ (၃၇၇)” တပ်ရင်း များအပြင် မင်းပြား၊ ကျိန်းတောင်တပ်ရင်းမှလည်း နံနက် (၂) နာရီအခန့်ကပင် (၇) နာရီနီးပါးထိ လက်နက်ကြီး များဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အဆက်မပြတ် ရမ်းကားပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါနေ့ နံနက် (၁၀) နာရီအချိန်တွင် မြောက်ဦးအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်၊ ကိုင်းတောကျေးရွာမှ ကလေးငယ် (၁) ဦးအပါအဝင် (၅) ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ နေ့လယ် (၁) နာရီအချိန်ခန့်၌လည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာ (၁) စီးသည် (၄) ကြိမ်ထက်မနည်း ရှောင်တခင်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကိုင်းတောကျေးရွာရှိ မွတ်ဆလင်အမျိုးသားငယ် (၂) ဦး သေဆုံးခဲ့ရပြီး  မိန်းကလေးငယ် (၂) ဦး နှင့် အမျိုးသား (၄) ဦးတို့မှာလည်း ဒဏ်ရာရရှိခဲ့ရကြောင်း၊ တစ်ဆက်တည်းမှာပင် ကိုင်းတော ကျေးရွာလည်း မီးလောင်ခဲ့ရကြောင်း ဖော်ပြသည်။

၎င်းတိုက်ခိုက်မှုအတွင်း မြောင်းဘွေကျေးရွာအပြင်ဘက်ရှိ ဒိုင်ကွင်းမှ အဆောက်အအုံများအပါအဝင် ကျေးရွာအတွင်းရှိ လူနေ အိမ်အချို့မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟုဆိုသည်။ 


ရန်သူ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောင်းဘွေ တံတားအနီး၌ရှိသည့် ဘူးတစ်လုံးကျေးရွာမှ မွတ်ဆလင် အမျိုးသမီး (၁) ဦး သေဆုံးခဲ့ရကာ အမျိုးသား (၁) ဦးမှာ လည်း ဗုံးစထိမှန်သဖြင့် ခြေထောက်ပြတ်ထွက်သွားသည် ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၁၀) နာရီကျော်အချိန်ခန့်ကလည်း မြောက်ဦး အခြေစိုက် “ခမရ (၅၄၀)” နှင့် “ခမရ (၃၇၇)” တပ်ရင်းများမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် (၁၀) ကြိမ်ထက်မနည်း ရမ်းကားပစ်ခတ်ခဲ့ရာ ပေါင်းတုတ်ကျေးရွာထဲသို့ လက်နက်ကြီးကျည် (၂) လုံး ပေါက်ကွဲခဲ့မှုကြောင့် အသက် (၁၂) နှစ်အရွယ် မွတ်ဆလင်မိန်းကလေးငယ် (၁) ဦး သေဆုံးကာ အမျိုးသား (၄) ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၊  ရန်ကုန်-စစ်တွေကား လမ်းမရှိရာ ဓါတ်အားခွဲစက်ရုံအရှေ့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်  နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်ခန့်၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။ 

စစ်ကောင်စီသည် ပေါက်တောမြို့အပြင် မြောက်ဦးမြို့၊ မြို့ပေါ်ရပ်ကွက်များကို ဗဟိုပြုကာ စစ်ကောင်စီဘက်မှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ တရစပ်ပစ်ခတ်ခဲ့သည့် ဒီဇင်ဘာလ (၂၄) ရက်မှ ဒီဇင်ဘာလ (၂၈) ရက်နေ့အထိ (၅) ရက်တာ ကာလအတွင်း၌ အပြစ်မဲ့အရပ်သား (၁၈) ဦးထက်မနည်း သေဆုံးခဲ့ကာ (၂၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

အဘက်ဘက်က ရှုံးနိမ့်နေသော စစ်ကောင်စီသည် ပြည်သူလူထုကိုသာ အဓိကထားပစ်မှတ် တိုက်ခိုက်လျက်ရှိပြီး မထူးဇာတ်ခင်းကာ စစ်ရာဇဝတ်မှုများကိုသာ အဓိကကျူးလွန်လျက်ရှိသည်။

မိမိတို့အနေဖြင့်လည်း မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လိုလားသောဆန္ဒများပြည့်ဝစေရန်အတွက် အကောင်း ဆုံးကြိုးစားလျက် ရှိပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်ဟု ညီနောင်သုံးဖွဲ့၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည့်  “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၃) ရက်မြောက်နေ့ တိုက်ပွဲသတင်းများထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။














ဆက်စပ် သတင်းများ