ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ကျန်းမာရေး၊ လုံခြုံရေး နှင့်ကူညီထောက်ပံ့မှုများပေးရန် ရခိုင်စစ်ရှောင်အမျိုးသမီးများ တောင်းဆို


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 521

ယနေ့ မတ်လ ၈ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသမီးများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် ကူညီထောက်ပံ့မှုများကို ပေးအပ်ရန် ရခိုင်စစ်ရှောင် အမျိုးသမီးများက တောင်းဆိုသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကိုမတ်လ ၈ ရက်နေ့မှာ နှစ်စဉ် နှစ်တိုင်း ကမ္ဘာ့တစ်ဝှမ်းလုံးမှ အမျိုးသမီးအရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများက ဆောင်ပုဒ်အမျိုး မျိုး၊ပုံစံအမျိုးမျိုးနှင့် ပြုလုပ် ကျင်းပလေ့ရှိကြသည်။

ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာလည်း အမျိုးသမီးအဖွဲ့အစည်းတွေက ကျား၊ မ အပေါ်အခြေပြု အကြမ်းဖက်မှု၊ အကြမ်းဖက်မှု ရပ်တန့်စေရေး၊ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတွေ ရပ်တန့် ရေး၊ အမျိုးသမီးများ တန်းတူညီမျှမှုရရှိရေးနှင့်  ဦးဆောင်မှုကဏ္ဍများတွင် အမျိုးသမီးများ ပိုမို ပါဝင်လာစေရေး စသည့် ဆောင်ပုဒ် ၊ ကမ်ပိန်း၊ စကားဝိုင်း အမျိုးမျိုးသော လှုပ်ရှားမှု လှုံ့ဆော်မှုများကို နည်းလမ်း ပေါင်းစုံဖြင့် ပြုလုပ်ခဲ့သည်။

ယခုနှစ်အတွင်မူ ရခိုင်တစ်ပြည်လုံးအတိုင်းအတာနှင့် စစ်ရေးပြင်းထန်နေသည့်အတွက် ရခိုင်တွင် မည်သည့် အမျိုးသမီးရေး လှုပ်ရှာမှုမျိုးကိုမှ မလုပ်ဆောင်နိုင်ကြကြောင်း ၎င်းတို့ ပြောကြားသည်။ 

သို့သော် စစ်ဘေးဒဏ်ကြောင့် အမျိုးသမီးနှင့် ကလေးငယ်များမှာ အခက်အခဲများ ပိုမိုကြုံတွေ့ နေကြရသည့်အတွက် အမျိုးသမီးများ၏ ကျန်းမာရေး၊လုံခြုံရေးနှင့် ကူညီထောက်ပံ့မှုများ ပေးရန် စစ်ဘေးရှောင် အမျိုးသမီးများက တောင်းဆိုသည်။

မင်းပြားမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက"အမျိုးသမီးတွေက ပိုပြီး အခက်အခဲ ဖြစ်ကြတယ်လို့ ကျမထင်တယ်။ တစ်နေရာတည်းမှာ အဆင်ပြေသလို လူတွေအများကြီးစုပြီးနေထိုင်ရတယ်။ လုံခြုံမှု မရှိဘူး။ အိမ်သာတွေ မသန့်ရှင်းမှု၊ လစဥ်သုံးပစ္စည်းတွေကို ဖြစ်သလို သုံးရတာတွေ၊ နောက်တစ်ခုက ငွေကြေးမပြည့်စုံတော့ ဝယ်မသုံးနိုင်ကြဘူး။ ဒီလိုအခက်အခဲတွေကြောင့် အမျိုးသမီးတွေက ကျန်းမာရေး ထိခိုက်ကြတယ်။ ကူညီထောက်ပံ့မှုလည်း ဘာမှမရှိပါဘူး။ ဖြစ်သလို နေထိုင် ရုန်းကန်ကြရပါတယ်။ ဒါကြောင့် ဒီနေ့ ကျရောက်တဲ့ အမျိုးသမီးများနေ့မှာ ကျမတို့ ရခိုင်က စစ်ဘေးရှောင်တွေ ၊အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် နိုင်ငံတကာကရော တခြား လူမှုကူညီရေးအဖွဲ့တွေအနေနဲ့ရော ပစ်မထားကြပါနဲ့ ။ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးဖို့ကိုလည်း အားလုံးကိုယ်စား ကျမ တောင်းဆိုချင်ပါတယ်"ဟု ပြောသည်။

နောက်ထပ် ကျောက်ဖြူမြို့မှအမျိုးသမီးတစ်ဦးက "ကျမကတော့ ဒီ အမျိုးသမီးများနေ့မှာ ဒီလို စစ်ဘေးဒဏ်ကြောင့် ကျန်မာရေး၊ စားဝတ်နေရေး၊ ပညာရေးကအစ အကုန်ပျောက်ဆုံးနေတဲ့ အခြေအနေမှာ တတ်နိုင်သလောက်ကူညီပေးဖို့ ၊အမျိုးသမီးတွေအတွက်ပဲဖြစ်ဖြစ် လုံခြုံမှုပေးနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောသည်။

ရခိုင်စစ်ဘေးရှောင်များအနက် မိန်းမပျိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များမှာ ကျန်းမာရေးအခက်အခဲများပိုမိုကြုံတွေ့နေကြရပြီး  နွေရာသီကို ရောက်ရှိလာပြီ ဖြစ်၍ ရေခမ်းခြောက်လာပြီဖြစ်သဖြင့်  မသန့်ရှင်းသည့် ရေများကို သုံးစွဲနေရသည့်အတွက် တကိုယ်ရေ သန့်ရှင်းမှုကြောင့် ဖြစ်ပွားသည့် ယားနာများကို ခံစားနေကြရသည်ဟု မြေပြင်တွင် စစ်ဘေးရှောင် များအား ကူညီထောက်ပံ့ရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အခုက နွေရာသီရောက်လာပြီအပူကပြင်းတယ်။ ရေလုံလုံလောက်လောက်မရရှိကြဘူး။ သုံးရသောက်ရတဲ့ ရေတွေဟာလည်း မသန့်တော့ တော်တော်အခက်အခဲရောက်ကြတယ်။ ဒီအထဲမှာအမျိုးသမီးနဲ့ ကလေးငယ်တွေကတော့ သနားစရာအကောင်းဆုံးပဲ။ ကိုယ်ဝန်ဆောင်တွေ စားသောက်ရေးအခက်အခဲ၊ ဆေးဝါးကုသမှုအခက်အခဲတွေကြောင့် ကိုယ်ဝန် ပျက်ကျတာ မျိုးတွေကိုလည်း ကျနော်တို့ တွေ့ခဲ့ရသေးတယ်။ အေအေက နိုင်သလောက် ဆေးကုသတာတွေ ရှိပေမယ့် သူတို့မှာလည်း တိုက်ပွဲတွင်းက ဒဏ်ရာရထားသူတွေ၊ တခြားအရေးကြီးလူနာတွေကို ဦးစားပေးရတော့ ပြည်သူတွေကို သိပ်တော့ မကုသနိုင်ဘူး။ အခုအချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အကုန်ထွက်သွားပြီမလို့ အကူအညီတွေရရှိမှုကမရှိသလောက်ပါပဲ"ဟု ပြောသည်။

သို့အတွက် ရခိုင်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အရေးတကြီးလိုအပ်နေသည်ဟု ၄င်းက ပြောသည်။

ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ဘေးရှောင်ဦးရေစုစုပေါင်း ၃ သိန်း ၃ သောင်းကျော် ရှိလာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏တရားဝင်ထုတ်ပြန်သည့် အစီရင်ခံစာမှာဖော်ပြထားသည်။

ယင်းအပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်အထိ ရခိုင်တိုက်ပွဲ နှစ်လအတွင်းမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ၊ လေကြောင်း၊ရေကြောင်းက ပစ်ခတ်မှုများနှင့် မြေမြုပ်မိုင်းကြောင့် သေဆုံးသည့် အရပ်သား ၁၁၁ ဦးနှင့် ဒဏ်ရာ ရသူ ၃၅၇ ဦးရှိနေသည်ဟု ULA/ AA ထုတ်ပြန်ချက်၌  ဖော်ပြထားသည်။

ယင်း ထိခိုက်သေဆုံးမှုများအနက် အမျိုးသား ၅၇ ရာခိုင်နှုန်းဖြစ်ပြီး ၄၃ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။ (NN-7

(ဓာတ်ပုံ- ၂၀၂၂ ခုနှစ်က Women Generation  အဖွဲ့၏ ကမ်ပိန်းလှုပ်ရှားမှုတစ်ခုကို တွေ့ရစဥ်)

ဆက်စပ် သတင်းများ