အင်္ဂါ၊ ဇွန်လ ၁၈ရက်၊ ၂၀၂၄

မောင်တောမှ စခန်းကြီး ၄ ခုကို AA ထပ်မံသိမ်းပိုက်ပြီး မောရ၀တီဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၀၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ဟု AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ၊ ဇွန် ၁၄/၂၀၂၄

မောင်တောမြို့နယ်မှ နောက်ထပ် စခန်းကြီး ၄ ခုအား အာရက္ခတပ်တော်မှ ထပ်မံသိမ်းပိုက်ခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု အာရက္ခတပ်တော်က သတင်းထုတ်ပြန်သည်။

သိမ်းပိုက်ခဲ့သော စခန်းများမှာ “နခခ (၄) တပ်ရင်းဌာနချုပ်”၊ “အလယ်သံကျော်စခန်း”၊ “မောရဝတီဗျူဟာ” နှင့် “နခေါင်းတိုစခန်း” တို့ဖြစ်ကြသည်။

အဆိုပါ စခန်းကြီးများ အထဲက  (၁) “နခခ (၄) တပ်ရင်းဌာနချုပ်” အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊ (၂) “အလယ်သံကျော်စခန်း” အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၆) မိနစ် အချိန်တွင်လည်းကောင်း၊ (၃) “မောရဝတီဗျူဟာ” အား ဇွန်လ (၁၃) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊ (၄) “နခေါင်းတိုစခန်း” အား ဇွန်လ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်တွင်လည်းကောင်း အသီးသီး ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤစခန်းများအထဲတွင် မောရဝတီဗျူဟာမှာ အရေးပါသော မောင်တောမြို့နယ် တောင်ပိုင်းမှ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ ဗျူဟာဖြစ်ပြီး ၎င်းတိုက်ပွဲအတွင်း ဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။


၎င်းပြင် အာရက္ခတပ်တော်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို မိမိတို့မှ အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး စခန်းအများအပြားကို တစ်ခုပြီး တစ်ခု သိမ်းပိုက်နေခြင်းဖြစ်သည်။

လက်ရှိတွင် မောင်တော အပါအဝင်  အမ်းနှင့် သံတွဲ မြို့များ၌ ရှိသော စစ်ကောင်စီ၏ အခြားသော စခန်းများကိုလည်း အေအေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြသည်။

တိုက်ပွဲများအတွင်း ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်း ရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် ရန်သူ့တပ်ဖွဲ့ဝင်များအားလည်း လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိသည်။ တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက် တင်ပြပေးသွားပါမည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!