တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသတွင် ၄ လအတွင်း ငှက်ဖျားဖြစ်သူ ၄၉ ဦးရှိပြီး ၃ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 794

သဥ္ဇာနွယ်

နိရဥ္စရာ၊ သြဂုတ် ၂/ ၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှုတိုးလာနေပြီး ၄ လအတွင်း ငှက်ဖျားဖြစ်သူ ၄၉ ဦးရှိကာ ယင်းအနက် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။

ယခုစာရင်းသည် ယင်းဒေသအတွင်း ယခုနှစ် ငှက်ဖျားစတင်ဖြစ်ပွားသည့် မတ်လမှ ဇူလိုင်လအထိ ပိုးရွှီပြင်တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသမှုခံခဲ့သူများ၏စာရင်းကို ယင်းဒေသရှိ လူမှုရေးအဖွဲ့အစည်းတစ်ခုက ကောက်ယူထားသည့်စာရင်းဖြစ်သည်။

သေဆုံးသွားသူများမှာ တောဖျားချောင်းဒေသရှိ ပိုးရွှီပြင်ကျေးရွာမှ ဒေါ်မယိုင်နု အသက် (၆၇)နှစ်နှင့် နောက်ထပ် သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး၊ ဒီဗ္ပရွာမှ ဦးကျော်ထွန်းလှ(၄၅)နှစ်တို့ဖြစ်သည်။

သေဆုံးသူများအနက် သက်ကြီးပိုင်း အမျိုးသားသည် ဇူလိုင်လအတွင်းသေဆုံးသွားခြင်းဖြစ်ပြီး ဒေါ်မယိုင်နုနှင့် ဦးကျော်ထွန်းလှတို့မှာ ဇွန်လအတွင်းသေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

တောဖျားချောင်း‌ဒေသရှိ ရွာပေါင်း ၁၀ ရွာထက်မနည်းတွင် ခြင်ကိုက်မှုကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှုများတိုးလာနေပြီး ဆေးဝါးများမလုံလောက်သဖြင့် ဆေးအချိန်မီမကုသနိုင်၍ အသက်သေဆုံးရခြင်းဖြစ်သည်ဟု ယင်းဒေသရှိ ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“အခု တောဖျားချောင်းဒေသမှာဆိုရင် မိုးတွေရွာတော့ ခြင်တွေပေါလာတယ်။ ခြင်ထောင်လည်း လုံလုံလောက်လောက်မရှိဘူးဆိုတော့ ခြင်ကိုက်ရာကနေ ဖျားလာတယ်။ ဖျားတာကြာရှည်လာတော့ ငှက်ဖျားဖြစ်လာတယ်။ အဲ့ဒီတော့ အဓိက ဆေးတွေတအားရှားတာ ရှာမရဘူး။ ငှက်ဖျားက ရိုးရိုးဆေးတစ်လုံးသောက်လို့မပျောက်ဘူးလေ။ အချိန်မီဆေးဝါးမရနိုင်တာရယ်ကြောင့် သေဆုံးသွားခဲ့ရတာပါ” ဟုပြောသည်။


ငှက်ဖျားသည် ခြင်မှတဆင့် ကူးစက်တတ်သည့်ရောဂါဖြစ်ပြီး ယခုနှစ်တွင် ယင်းဒေသအတွင်း ယခင်နှစ်ထက် ခြင်ပေါက်ပွားနှုန်းလည်း မြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

တောဖျားချောင်းဒေသရှိကျေးရွာများတွင် ခြင်ထောင်နှင့် ဆေးဝါးများလည်း လိုအပ်နေပြီး ခြင်သတ်ဆေးများဖျန်းပေးရန်လည်း လိုအပ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူအမျိုးသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

“ကျနော်တို့ လူမှုရေးအသင်းကလည်း အဲ့ဒီရွာဘက်တွေကို သွားရောက်ကူညီ ခြင်ဆေးတွေဖျန်းပေးဖို့ဆိုရင်လည်း စက်သုံးဆီစျေးတက်နေတော့ မကြာခင်တော့ အသင်းတွေရပ်သွားနိုင်တဲ့အနေအထားရှိနေပါတယ်။ အကုန်လုံးဒုက္ခတွေပါပဲ”ဟု ပြောသည်။

ရခိုင်သို့ ဆေးဝါးများတင်သွင်းခွင့်၊ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချခွင့်ကို တကျော့ပြန် တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစပြီး စစ်ကောင်စီက အတင်းအကျပ် ပိတ်ပင်ထားသည်။

ယင်းလုပ်ရပ်က လူသားမျိုးနွယ်ဆိုင်ရာ အသက်ရှင်ရပ်တည်ရေးအပေါ် အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုထားသည်။

 တောဖျားချောင်းဒေသတွင် ပိုးရွှီပြင်၊ ဒိပ္ပ၊ ဒိုးတန်း၊ လွန်ပူ၊ သက်ကျိုင်း၊ တွင်းဆင်သည်ရွာနှင့် ဩရမ စသည့်ရွာများအပါအဝင် ရွာပေါင်း ၁၁ ရွာရှိသည်။

အဆိုပါဒေသသည် ချောင်း၊ မြောင်းများနှင့် တောတောင်များ ပွားများပြီး ဆက်သွယ်သွားလာရ အလွန်တရာခက်ခဲသည့်ဒေသတစ်ခုလည်း ဖြစ်သည်။ယင်းဒေသတွင် စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့မှ ဒေသခံများလည်း စစ်ဘေးရှောင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသတစ်နေရာအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ