သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မင်းပြား ခွဆုံ(ချင်း)ရွာတွင် ကလေးများအပါအဝင် လူပေါင်း ၅၀ ကျော်ခန့် အရေပြားရောဂါဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 253

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၀/၂၀၂၄

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖုန်သာချောင်း ခွဆုံ(ချင်း)ကျေးရွာမှာ ကလေးငယ်များအပါအဝင် ရွာသား ၅၀ ကျော်ခန့် အရေပြားရောဂါဖြစ်ပွားနေသည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်းဖြစ်ပွားလာနေခြင်းဖြစ်ပြီး ရွာတွင် ကျန်းမာရေးဝန်ထမ်းများမရှိ၍ ကုသရန်ခက်ခဲနေကြောင်း ဒေသခံတချို့က ပြောသည်။

ဒေသခံ အမျိုးသားတစ်ဦးက “စိုးရိမ်ရတဲ့ ကလေး ၄ ယောက်လောက်ကို ဆေးရုံကို ပို့ထားရပါတယ်။ အရေပြားမှာ အဖုတွေ ပေါက်နေတာ။ လူကြီးတွေလည်း ဖြစ်နေပါတယ်”ဟု ပြောသည်။

လူကြီး၊ လူငယ်၊ ကလေးအပါအဝင် လူပေါင်း ၅၀ ကျော်ခန့်ဖြစ်ပွားနေပြီး ထိုအထဲတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် ကလေးလူနာများလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက “ရေကြီးပြီးနောက်ပိုင်း အရေပြားရောဂါဖြစ်တာလို့ သိရပါတယ်။ ကုသမဲ့ဆရာဝန်မရှိတော့ ဒီအတိုင်းနေရတာတွေရှိတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်”ဟု ပြောသည်။

ခွဆုံ(ချင်း)ရွာသည် လေးမြို့ချောင်းကမ်းခြေတွင်တည်ရှိပြီး အိမ်ခြေ ၁၀၀ ခန့်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်သြဂုတ်လအတွင်း လေးမြို့မြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံဖြစ်ပြီးနောက် မသန့်ရှင်းသည့်ရေများကိုအသုံးပြုကြရာမှ ယခုကဲ့သို့ အရေပြားရောဂါများဖြစ်ပွားလာနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လအတွင်း ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကလေးမားအပါအဝင် စစ်ဘေးရှောင်ရာနှင့်ချီတွင်လည်း မသန့်ရှင်းသည့်ရေများကိုအသုံးပြုကြရာမှ အရေပြားရောဂါများဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တွင်အ​ရေပြားရောဂါဖြစ်ပွားခဲ့သည့် ပုံ။

 

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!