စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

အမ်းအခြေစိုက် ခမရ (၃၇၂) တပ်ရင်းမှူး တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်ရသွားသည့်အတွက် အမ်းစစ်ဆေးရုံတွင် တင်ထားရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 335

မင်းသျှင်စော နိရဉ္စရာ ၊စက်တင်ဘာ၂၈/၂၀၂၄

ရခိုင်ပြည်၊အမ်းမြို့၊ အနောက်ပိုင်းတိုင်းအခြေစိုက်၊ တပ်ရင်းများအထဲက တပ်ရင်းတစ်ခုဖြစ်သည့် ခမရ (၃၇၂) မှ တပ်ရင်းမှူး  ဗိုလ်မှူး မောင်မောင်ချိုသည် အမ်းနှင့်မဲတောင်ကြား တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရရှိသွားသဖြင့် အမ်းရှိ စစ်ဆေးရုံသို့ အရေးပေါ်တင်ထားရသည်ဟု ဒေသအတွင်း ခိုင်လုံသည့် သတင်းရင်းမြစ်မှ တစ်ဆင့် သိရှိရသည်။

 စက်တင်ဘာ ၂၆ ရက်နေ့တွင်မဲတောင်ကြား၌ စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော်မှ တိုက်ခိုက်ခဲ့ရာတွင် ယခုလိုပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

"ဗိုလ်မှူးမောင်မောင်ချို ပြင်းထန်ဒဏ်ရာရတာ ဟုတ်ပါတယ်။ သိရသလောက်တော့ လက်ပြတ်တယ်၊ ခြေပြတ်တယ်။ ပြီးတော့မျက်နှာတွေမှာလည်း ဒဏ်ရာရတယ်လို့သိရတယ်။ အခု အမ်းဆေးတပ် ကုတင် ၃၀၀ ဆေးရုံမှာ အရေးပေါ်ကုသနေရတယ်။  မနေ့က ညနေအချိန်က ဒဏ်ရာရ စစ်သားတွေကို ကားနှစ်စီးနဲ့ သယ်ယူခဲ့တာမှာ သူပါလာတာလို့ သိရပါတယ်" ဟု ၎င်းကပြောသည်။

 

ဗိုလ်မူးမောင်မောင်ချိုသည် စက်တင်ဘာ၂၆ ရက်နေ့က  မဲတောင်ကြားတိုက်ပွဲတွင် ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ဆိုသော်လည်း စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်း၍ မရသဖြင့် အဆိုပါ တပ်ရင်းမှူး ဒဏ်ရာရသွားသည့် သတင်းအပေါ် နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

 

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် အမ်းမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်နှင့် စက်တင်ဘာ ၂၇ ရက်နေ့များတွင်  တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု  အာရက္ခတပ်တော်မှ စက်တင်ဘာ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။


အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေးတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်မှ အလောင်း (၅) လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၁၀) နာရီခန့်အချိန်တွင်လည်း ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာအနီး ပတ်ဝန်းကျင်၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူသည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားခဲ့သည်ဟု ဆိုသည်။

ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု AA သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည်အမ်းမြို့ကို နေ့ရောညပါစစ်ကြောင်းများ လှည့်လည်နေပြီး အမ်းမြို့ရှိဂိတ်များ အားလုံးကိုလည်း တိုက်ပွဲစဖြစ်သည့် နေ့မှ စ၍ အဝင်အထွက် ပိတ်ထားလိုက်သည်ဟုသိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်)

ဆက်စပ် သတင်းများ