တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

မောင်တော နခခ(၅)အား ထိုးစစ်ပြင်းထန်နေချိန် စစ်‌ကောင်စီမှ လက်နက်နှင့်ရိက္ခာများ လေထီးများဖြင့် ဆက်လက်ချပေးပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 105

နောင်မင်းသူ နိရဉ္စရာ၊စက်တင်ဘာ ၂၈/၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့်  မောင်တောမြို့ပြင်၌ တခုတည်းသော ကျန်ရှိနေသည့် စစ်ကောင်စီရဲ့ အမှတ်(၅)နယ်ခြားစောင့် တပ်ဖွဲ့ခွဲ နခခ(၅)သို့  စက်တင်ဘာလ ၂၈ ရက် ယနေ့ ညနေ ၃ နာရီခန့်၌ စစ်ကောင်စီမှ Y-12 လေယာဉ်ပေါ်မှ လေထီးများဖြင့် လက်နက်များနှင့် စားနပ်ရိက္ခာ‌များအား ထပ်မံပြီးချပေး‌ခဲ့သည်ဟု မျက်မြင်ဒေသခံများထံက ပြောသည်။ 

" ဒီနေ့ ညနေ ၃ နာရီလောက်မှာ နခခ(၅)ကို စစ်ကောင်စီကလက်နက်နဲ့စားနပ်ရိက္ခာတွေ Y-12 လေယာဉ်ကနေ လေထီးတွေ နဲ့ ချပေးနေတာတွေ့ရတယ်။ တပ်ရင်းခြံစည်းရိုးတစ်ဖက်ကိုကျသွားတဲ့ အထုပ်တွေလည်း ရှိတယ်။  နခခ(၅)ကို AAဖက်က လက်နက်ကြီးနဲ့ပစ်ပြီး တိုက်‌‌နေတယ်။ မြေပြင် တိုက်ပွဲကလည်း ပြင်းထန်နေတယ်။ လက်နက်ငယ်၊ လက်နက်ကြီးသံတွေ အဆက် မပြတ် ကြားနေရတယ် " ဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် နခခ(၅)အား AAဘက်မှအမြောက်ကြီးများဖြင့် စခန်းတွင်းသို့ ပစ်ခတ်နေပြီး စစ်ကောင်စီဘက်ကလည်း စခန်းမကျစေဖို့ လေ ကြောင်းဖြင့်အသည်းအသန် ခုခံ ကာကွယ် လျှက်ရှိ‌နေသည်။


မြို့သူကြီးအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၅) ဌာနချုပ်အား အာရက္ခတပ်တော် ( AA) မှ စက်တင်ဘာ လ ၂၇ ရက်နေ့ ညအချိန်မှစပြီး အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်‌နေရာ အနီးကပ် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေပြီး နခခ(၅)တပ်ရင်းတွင်းရှိတပ်ဖွဲ့များမှာလည်း အနောက်ဖက်သို့ နောက်ဆုတ် ခုခံနေရကြောင်းသတင်းရင်းမြစ်က ပြောဆိုသည်။

"မနေ့ကတဲ့က နခခ(၅)ကို အေအေ ဖက်က အနီးကပ်မြေပြင်က ထိုးစစ်ဆင်တိုက်နေတယ်။ နခခ(၅) တပ်ရင်းထဲက စစ်ကောင်စီတပ်တွေ အနောက်ဖက်ကို‌နောက်ဆုတ်ပြီး ခုခံနေကြရတယ်လို့တော့ သိရတယ်။ အဲဒါကြောင့် စစ်ကောင်စီဖက်က ဒီနေ့မနက်မှာ ဂျက်‌ ၄ စီးအထိ အသုံးပြုပြီး အပြင်းအထန် ခုခံနေကြတယ်"ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

မောင်တောမြို့၌ တစ်ခုတည်းသော နောက်ဆုံး လက်ကျန်စခန်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၅) ဌာနချုပ်အား အာရက္ခတပ်တော် ( AA) မှ စက်တင်ဘာ လ ၂၇ ရက်နေ့ ညအချိန်မှစပြီးအပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ (ဓာတ်ပုံ- ABN)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!