စနေ၊ အောက်တိုဘာလ ၁၂ရက်၊ ၂၀၂၄

ဆက်ကြေးငွေကိစ္စ အဆင်မပြေရာမှ မြန်မာနေဗီက ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများကိုပစ်ခတ်ဖမ်းဆီးခြင်းဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 318

(ဘင်္ဂလီငါးဖမ်းသမားတစ်ဦးသေဆုံးကာ ၅၈ ဦးဖမ်းဆီးခံရ)

နိရဉ္စရာ၊ အောက်တိုဘာ ၁၁/ ၂၀၂၄

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင် ပင်လယ်ပြင် တာဝန်ကျနေသည့် ရေတပ်သင်္ဘောများသည် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောများ၊ ငါးဖမ်းစက်လှေများအား အခကြေးငွေယူပြီး မြန်မာဘက်ခြမ်း ရေပြင်တွင် ငါးဖမ်းခွင့်ပြုထားသည်ဟု သိရသည်။

ဒေသခံ ငါးဖမ်းသမားများ အပြောအရ အာရက္ခတပ်တော် (AA) က  မြန်မာစစ်ကောင်စီ နယ်ခြားစောင့် တပ်စခန်းများဖြစ်ကြသည့်  ရသေ့တောင်မြို့နယ် ဒုံးပိုက်နှင့် ချိန်ခါလီစခန်းတို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ ဝင်တိုက်သည့် အချိန်မှ စပြီး နတ်မြစ်၀ ဘင်္ဂလားပင်လယ်ပြင်တွင် ရေတပ်သင်္ဘောများ ဝင်ရောက်နေရာယူလာပြီး ထိုအချိန်ကစပြီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောများ၊ စက်လှေများကို အခကြေးငွေ ကောက်ယူပြီး ငါးဖမ်းခွင့်ပြုထားသည်ဟု သိရသည်။

တက်ကနက်မြို့နယ် စိန့်မာတင်ကျွန်းတွင် ပွဲစားအလုပ် လုပ်ကိုင်နေသူ မြန်မာဘက်က ဒေသခံတစ်ဦးက “ သူတို့ ဒီဘက်က ငါးဖမ်းလှေတွေက အရင်ကလည်း မြန်မာနေဗီတွေကို ပိုက်ဆံပေးပြီး ငါးဝင်ဖမ်း နေကျပါ။ ရက်အလိုက်ပေးရပါတယ်။ အဲဒီနေ့က ပစ်ခတ်ဖမ်းဆီးမှုဖြစ်တာက ရေတပ် နေဗီ တစ်စီးနဲ့ ငါးဖမ်းလှေတွေအကြား အကောက် ကောက်ခံရာမှာ အဆင်မပြေတဲ့အတွက် ပစ်ခတ်ဖမ်းဆီးတာလို့ သိရပါတယ်”ဟု ပြောကြားသည်။

ထိုသို့ မြန်မာရေတပ်က အောက်တိုဘာ ၉ ရက်နေ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများအား ပစ်ခတ်ဖမ်းဆီးမှုကြောင့် တက်ကနက်မြို့နယ်၊ နတ်မြစ်၀ရှိ ဆင်မဖြူကျွန်း (Shah Pori)  ကိုနာပါရာ ကျေးရွာမှ အသက် (၆၀) အရွယ် အူဆမန် သေဆုံးခဲ့ပြီး အနည်းဆုံး ငါးဖမ်းသမား ၅၈ ဦးနှင့် ငါးဖမ်းစက်လှေ ၆ စီး အဖမ်းခံခဲ့ရသည်ဟု သိရသည်။ အဖမ်းခံရသည့် စက်လှေ ၆ စီးထဲတွင် အူဆမန်၏ ငါးဖမ်း စက်လှေလည်း ပါဝင်သည်ဟု ဆိုသည်။

ထိုကဲ့သို့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများကို ဆက်ကြေးငွေ ကောက်ခံပြီး မြန်မာရေပြင်ပိုင်နက်တွင် ငါးဖမ်းခွင့်ပြုထားသည်ကို ကုန်းပေါ်က​နေ ဒေသခံများကလည်း အမြဲလှမ်းမြင်ရသည်ဟု ဆိုသည်။

“ မြန်မာရေတပ်နေဗီအနီး ပတ်ပတ်လည်လည် ရေပြင်မှာ ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းစက်လှေတွေ ဝင်ရောက် ငါးဖမ်းနေတာကို ကုန်းပေါ်ကနေ လူတွေ မြင်နေကြတာပါဘဲ။ မြန်မာရေပြင်ပိုင်နက် အတွင်းပိုင်းထိ ဝင်ပြီး ငါးဖမ်းနေတာကြာပါပြီ။ မေယုမီးပြ အနီးထိ ဘင်္ဂလားဒေ့ရှ်က ငါးဖမ်း စက်လှေတွေ ဝင်ဖမ်းနေတာပါ။ ခုလို ပိုက်ဆံပေးပြီး ဝင်ဖမ်းနေတာက ကြာပါပြီ” ဟု ပြောကြားသည်။  

၎င်းပြင် နတ်မြစ်၀ ဘင်္ဂလားပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသည့် စစ်ကောင်စီနေဗီများသည် ဘင်္ဂလားဒေ့ရှ်ဘက်က ငါးဖမ်းစက်လှေများနှင့် အဆက်အသွယ် ပုံမှန်ပြုလုပ်ကာ သောက်ရေသန့်များ သာမက အစားအသောက်များကိုပါ မှာယူအသုံးပြုနေသည်ဟုလည်း ဒေသခံများက ပြောကြားသည်။

အောက်တိုဘာ ၉ ရက်နေ့က မြန်မာရေပြင်ပိုင်နက်အတွင်း ပစ်ခတ်မှုဖြစ်ရာ၌ ဘင်္ဂလီ ငါးဖမ်းသမားတစ်ဦး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း မြန်မာဘက်သို့ ကန့်ကွက်ထားကြောင်း သတင်းရရှိသည်။   

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!