- Web Master
- ၂၂ ဇူလိုင် ၂၀၂၄
နိရဥ္စရာ၊ ဇူလိူင် ၅/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ ရုပ်တုရှေ့တွင် ဇူလိူင် ၂ရက်နေ့က သရုပ်ပြပြီး စစ်ကြောရေးကြောင့် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုရရှိရန် တောင်းဆိုခဲ့သည့် လူငယ်များအနေဖြင့် ထွက်ပြေး တိမ်းရှောင်နေခြင်း မဟုတ်ဘဲ တရားဥပဒေအရ ရင်ဆိုင်ရန်အဆင်သင့်ရှိကြောင်း ဦးဆောင်လူငယ် ကိုသန်းလှက နိရဥ္စရာသတင်းဌာနသို့ ဆက်သွယ် ပြောကြားသည်။
“ ကျွန်တော်တို့ ဒီလ ၂ ရက်နေ့က သရုပ်ပြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ မတရားဖမ်းဆီးချုပ်နှောင်ခံရတဲ့၊ မတရား သတ်ဖြတ်ခံရတဲ့၊ မတရား သေကြေပျက်စီးခံရတဲ့ ကျွန်တော်တို့ အရပ်သားပြည်သူတွေအတွက် မှန်ကန်တဲ့ တရားဥပဒေနည်းလမ်းအတိုင်း ဖြစ်ဖို့၊ ဥပဒေအရ သေသေချာချာ ဖြစ်ဖို့ တစ်ခုကို တည်းကို အဓိက Message ပေးခြင်း ဖြစ်ပါတယ်။ ဒီအပေါ်မှာ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘဲ တိုက်ပွဲကြောင့် ဖြစ်နေတဲ့ ပြည်သူတွေရဲ့ နစ်နာချက်ကို တရားဥပဒေအတိုင်း ဖြစ်ဖို့ အဓိက တောင်းဆိုတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာကြောင့် ရဲက ကျွန်တော်တို့ကို လိုက်လံရှာဖွေတာတွေရှိတယ်။ ရုံးတွေ အိမ်တွေကို မွေနှောက် ရှာဖွေမှုတွေ ပြုလုပ်တယ်လို့ တစ်ဆင့်ဘဲ ကြားသိနေရပါတယ်။ ဒီလို ကြားသိနေရပေမယ့် ကျွန်တော်တို့သည် သူတို့ကို ရှောင်တိမ်း နေတာမဟုတ်ဘူး။ တရားဥပဒေအရ ရင်ဆိုင်ဖို့ ကျွန်တော်တို့ အဆင်သင့်ရှိတယ်။ သို့ပေမယ့် ကျွန်တော်တို့ဘက်ကို တရားရုံးက အမှုကို ရင်ဆိုင်ဖို့ တရားဝင် စာမရောက်ဘူး။ စာမရောက်တဲ့ အတွက် လောလောဆယ် ဒီလိုဘဲရှိနေတာ ဖြစ်ပါတယ်” ဟု ကိုသန်းလှက ပြောဆိုသည်။
တရားရုံးက တရားဝင် အမှုကို ရင်ဆိုင်ရန် စာပို့ပါက အမှုကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုပါသည်။
ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒဖော်ထုတ်ခဲ့သည့် ဇူလိူင်လ ၂ ရက်နေ့ ညဉ့်အချိန်က ကိုသန်းလှ(ခေါ်) မင်းဗာချေ၏ မိဘများနေအိမ်နှင့် ၎င်း၏ဇနီးဖြစ်သူ နေအိမ်များအား ဝင်ရောက်ရှာဖွေခဲ့သလို ဇူလိူင် ၃ ရက်နေ့ ညဉ့်အချိ်န်က ဝေသာလီ တိုက်တန်းရှိ ၎င်းတို့၏ ရုံးခန်းနှင့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူများ၏ နေအိမ်များကို ဝင်ရောက်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးကြည်လင်းက “ သူတို့ကို ငြိမ်စုစီပုဒ်မနဲ့ အမှုဖွင့်အရေးယူသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွင့်ပြုချက်မတင်ဘဲ ပြုလုပ်ခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ ပါဝင်သူ အားလုံးဖြစ်ပါလိမ့်မယ်” ဟု ပြောကြားသည်။
ဇူလိူင် ၂ ရက်နေ့က သရုပ်ပြပြီး ပိုစတာများကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့သည့် လူငယ်များသည် "စစ်ကြော စစ်ဆေးရေးကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများအတွက် တရားမျှတမှုကို အလိုရှိသည်"၊ "အရပ်သားပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းများ ရပ်"၊ "မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းများ ချက်ချင်းရပ်"၊ "ရခိုင်တွေမှာလည်း အသက်နှင့်ပါ" "စစ်ပွဲများ ချက်ချင်းရပ်တန့်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကြပါ"စသည့် စာသားများပါသည့် ပိုစတာများကို ကိုင်ဆောင်တောင်းဆိုခဲ့ကြသည်။