ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မောင်တောမြို့သိမ်းတိုက်ပွဲ နောက်ဆုံးအဆင့် အလွန်ပြင်းထန်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

(စစ်ကောင်စီက လေယာဉ်များဖြင့် မရပ်မနားဗုံးကြဲချ)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇူလိုင် ၆ ရက်/၂၀၂၄

မောင်တောမြို့ သိမ်းတိုက်ပွဲ နောက်ဆုံးအဆင့်တိုက်ပွဲမှာ အလွန်ပြင်းထန်နေပြီး စစ်ကောင်စီက အသံထက် မြန်သည့် လေယာဉ်များအပါအဝင် ဗုံးကြဲလေယာဉ်များဖြင့်  မြို့ပတ်ပတ်လည်အား အဆက်မပြတ် ဗုံးကြဲချ တိုက်ခိုက်နေကြောင်း မောင်တောဒေသခံများထံမှ သိရသည်။

ဒေသခံ တစ်ဦးက "တိုက်ပွဲက အပြင်းအထန်ဖြစ်နေကြတယ်။ ဒီနေ့မနက်အာရုဏ်ကဆို အလွန် ပြင်းထန်လာတယ်လို့ ပြောလို့ရတယ်။ မနက်ပိုင်းမှာ အနီးကပ်ဖြစ်ပုံရတယ်။ စစ်လက်အသံတွေ၊ လက်နက်ငယ် သေနတ်သံတွေ ဆူညံနေတယ်။ အနီးကပ် ဝင်ရောက်တိုက်ပုံရတယ်။ စစ်ကောင်စီ ဖက်က အထိနာပုံရတယ်။ ထုံးစံအတိုင်း လေကြောင်းနဲ့  ဆက်တိုက် အကြိမ်ကြိမ် ဗုံးလာချတယ်။ ပေါက်ကွဲသံ တွေက တမြို့လုံး နေရာအနှံ့ဆူညံနေတယ်”ဟု ပြောသည်။

စစ်ကောင်စီသည် သူတို့ဖက် အထိနာလျှင် လေယာဉ်များကို အကြီးအကျယ် အသုံးပြု တိုက်ခိုက်တတ်ပြီး ယနေ့ ဇူလိုင် ၆ ရက်နေ့တွင်လည်း ခါတိုင်းနေ့များထက် လေယာဉ်များကို ပိုမို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးက “ စစ်တပ်နဲ့ မွတ်ဆလင်စစ်သားတွေက ပူးပေါင်းပြီး အကြီးအကျယ် ခုခံနေတာ။ ခါတိုင်းနေ့တွေထက် လေယာဉ်တွေ ပိုအသုံးပြုရတာကို တွေ့ရတယ်။ ဗုံးကျသံကြားပြီးမှ လေယာဉ်အသံကိုကြားရတဲ့ ဂျက်လေယာဉ်တွေကိုလည်း ဒီနေ့တွေ့ရတယ်။  လေယာဉ်က အသံထက် အလွန်မြန်တယ် "ဟု ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်၌ ဂျက်တိုက် လေယာဉ်တစ်စီးဖြင့် တစ်ကြိမ်၊  ၁၁ နာရီ ၂၀ မိနစ်တွင် တစ်ကြိမ် မောင်တောမြို့ အရှေ့မြောက်ဖက်ရှိ ရွှေဇာကျေးရွာအုပ်စု ဟာဘီ၊ ဘဂုံးနား၊  လသာ၊ ဇူလကျေးရွာများ အနီးသို့ ဗုံးများကြဲချခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ဂျက်တိုက်လေယာဉ်များ ပြန်သွားပြီး ၁၀ မိနစ်ခန့် အကြာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် နောက်ထပ် Y-12 အမျိုးအစား လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

“ မြို့မကညင်တန်း၊ ပန်း‌တောပြင်၊ ‌‌ညောင်ချောင်းစတဲ့ ကျေးရွာတွေ အနီးဝန်းကျင်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့ပတ်လည်ကို ဗုံးတွေကြဲချခဲ့တာ။ အကြိမ်ကြိမ်ချတာ ” ဟု ပြောသည်။

၎င်းနောက် မွန်းလွဲ  ၂ နာရီ ၃၀ မိနစ်တွင် နောက်ထပ် ဗုံးကြဲ လေယာဉ်‌ တစ်စီး ထပ်မံရောက်ရှိလာပြီး ညနေ ၄ နာရီအထိ ဆက်လက်ပြီး မြို့ပတ်လည်အား ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မောင်တောမြို့အားပိတ်ဆို့ထားသည့် စစ်ကောင်စီတပ်များအား AAတပ်ဖွဲ့များက တိုက်ခိုက်နေရာ ဇူလိုင်လ ၃ ရက် ညနေ ၃ နာရီကျော်မှစပြီး ဇူလိုင်လ ၆ ရက် ယ‌နေ့ အထိ တိုက်ပွဲမှာ အလွန် ပြင်းထန်နေပြီး မြို့သိမ်းတိုက်ပွဲ နောက်ဆုံးအဆင့် ဖြစ်ပုံရသည်ဟု ဒေသခံများက ပြောဆိုသည်။

"စစ်ကောင်စီက ကြည်း၊ရေ၊လေ သုံးခုနဲ့ မောင်တောမြို့မကျအောင်ခုခံကာကွယ်နေတာ။ ဒါပေမယ့်  အေအေဖက်က ထိုးစစ်က ရပ်တန့်မသွားပါဘူး။ လေကြောင်းတိုက်ခိုက်မှုပြီးတာနဲ့ တိုက်ပွဲက ဆက်ပြီး ဖြစ်နေကြတာ" ဟု ပြောဆိုသည်။

အာရက္ခတပ်တော်၏ ဇွန် ၁၆ ရက်နေ့က မောင်တောမြို့နှင့်ပတ်သက်၍ ကြိုတင်အသိပေး အရေးပေါ် ထုတ်ပြန်ချက်၌ မောင်တောမြို့ရှိ စစ်ကောင်စီစခန်းများ အားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်း ပိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ