ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

ရခိုင်မြောက်ပိုင်း မိုးကြီးဦးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 835

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၃/၂၀၂၄

ရခိုင်ပြည်မြောက်ပိုင်းတွင် မိုးကြီးဦးမည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင်များက ခန့်မှန်းထားသည်။

ရခိုင်ရိုးမပေါ် မိုးအားအနည်းငယ်လျော့ကျလာနေသော်လည်း ရခိုင်ပြည်မြောက်ပိုင်းရှိ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်း၊ သံတွဲ၊ တောင်ကုတ်၊ မအီ၊ အမ်း၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်များတွင် မိုးကြီးဦးမည်ဟု မိုး/ဇလပညာရှင် Su Su San က ယနေ့ စက်တင်ဘာ ၁၃ ရက်တွင် ခန့်မှန်းထားသည်။

ယင်းအပြင် မကွေးတိုင်းအနောက်ပိုင်းဒေသ၊ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ မတူပီခရိုင်နှင့် ပလက်ဝဒေသများတွင်လည်း မိုးကြီးနိုင်သည်ဟု ဆိုထားသည်။

မိုး/ဇလပညာရှင် ဦးဝင်းနိုင်ကလည်း ယာဂိ (YAGI)မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းသည် မြန်မာပြည်ထဲမရှိတော့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်သွားပြီဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနေထိုင်သူမဟုတ်လျှင် စိုးရိမ်စရာမရှိတော့ဟု ယမန်နေ့ စက်တင်ဘာ ၁၂ ရက် ညတွင် ထုတ်ပြန်ထားသည်။

"
အဲ့ဒီလေပွေလှိုင်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေနားမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး အနောက်ဘက် အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုပဲ ဆက်လက်ရွေ့လျားနိုင်ကြောင်း တွေ့ရပါတယ်။ မြန်မာပြည်ဘက်ကို လာမှာမဟုတ်ပါ။ ရေကြီးနေတဲ့ဒေသတွေမှာတော့ မိုးပါးပါးသာ ရွာနိုင်ချေများပါတယ် မိုးမများနိုင်တော့ပါ"ဟု ဦးဝင်းနိုင်က ဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ပေါ်ရှိ လေပွေလှိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုးမပေါ်တွင် ယနေ့နံနက်မှ နေ့လယ် ၁၂ နာရီအထိ မိုးရေချိန် ၁၁၁ မီလီမီတာ - ၄.၃၇ လက်မ ရွာသွန်းနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

"
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြစ်ချောင်းရေတွေတက်လာနိုင်ပြီး တောင်ပြို-မြေပြိုတာတွေ ဖြစ်လာနိုင်ပါမယ်"ဟု ဦးဝင်းနိုင်က သတိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၇ နာရီအချိန်ထုတ်ပြန်ချက်တွင်လည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေသည်ဟု သိရသည်။

"
အဆိုပါ လေပွေလှိုင်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နောက် (၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၄၈)နာရီအတွင်း ပိုမို အားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်"ဟု မိုး/ဇလ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့၌ မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည်ဟု သိရသည်။

ယနေ့ညနေအထိ ရခိုင်ပြည်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ကျန်တိုင်းနှင့်ပြည်နယ်အချို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်း မိုး/ဇလက ဆိုသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀မှ ၄၅ မိုင် အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်သည်ဟု သိရသည်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မုတ္တမကွေ့၊  မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

နောက်(၂)ရက်အတွင်း ရခိုင်ပြည်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဟု သိရသည်။

ဓာတ်ပုံ - Narinjara နှင့် မိုးဇလ

ဆက်စပ် သတင်းများ