ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေအထားသို့ ရောက်ရှိနေ၍ ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန်‘ဝ’ UWSA တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 3.9k

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၃၀ / ၂၀၂၄

မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်၍ တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသောနည်း လမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)က ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းလိုက်သည်။

၎င်းတိုက်တွန်းမှုသည် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာပြီး လားရှိုးမြို့ အား MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၏ ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် လက်ရှိတွင် မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေအထားသို့ ရောက်ရှိနေပြီဟု ဆိုသည်။

၎င်းပြင် စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ်ငန်းများအသီးသီး ဆိုးရွားစွာထိခိုက်ပျက်စီးခြင်းတို့ကြောင့် ပြည်သူလူထု၏ နေထိုင်မှုဘဝသည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိသွားသည်ဟုလည်း ဖော်ပြထားသည်။ 

“စစ်ရေးပဋိပက္ခများဆက်လက်ဖြစ်ပွားနေပါက လူမှုရေးမျိုးနွယ်စုကြားအကွဲအပြဲ ပိုမိုနက်ရှိုင်းပြီး အချင်းချင်းရန်ငြိုးလည်း ပိုမိုမြင့်တက်ကာ မြန်မာနိုင်ငံအတွက် စစ်ရေးပဋိပက္ခထက် ပိုမိုရှည်ကြာသော ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။

ပဋိပက္ခဖြစ်ပွားနေသော အဖက်ဖက်အနေဖြင့် တစ်ဖက်တွင် ပြည်သူလူထုကို ကိုယ်စားပြု ကြေညာပြီး အခြားတစ်ဘက်တွင် ပြည်သူလူထုတို့ လိုလားတောင့်တသော ငြိမ်းချမ်းရေးကို လုံးဝမျက်ကွယ်ပြု၍ မရကြောင်း၊ အဖက်ဖက်တို့အနေဖြင့် မိမိတို့၏ အကျိုးရှုထောင့် တစ်ခုပေါ်သာရပ်တည်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို လျစ်လျူရှုခြင်းပြုလုပ်၍ မရပါကြောင်း ဖော်ပြထားသည်။

"ဝ"ပြည်နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့တွင် ပဋိပက္ခဖြစ်ပွားသော အဖက်ဖက်များကို အပြင်းအထန်ထိခိုက်သွားသော ပြည်သူတို့၏ စီးပွားရေးကို ပြန်လည် နလန်ထူစေရန်နှင့် နေရပ်စွန့်ခွာသွားသော ပြည်သူလူထုကို လုံခြုံရေးအားမခံချက်ရှိစွာ နေရပ်သို့ပြန်ရောက်စေရန်အတွက် ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် အလေးအနက်တိုက်တွန်း အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဝ“ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် မိမိ၏အင်အားဖြင့် ဆက်လက် ကြိုးပမ်းစွမ်းဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းရှိ UWSA ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် "၀" တပ်ဖွဲ့များသည် ဇူလိုင် လ ၂၇ရက်နေ့က ဝင်ရောက်ခဲ့သည်။

ဇူလိုင်လ ၁၁ ရက်နေ့ကလည်း နစက တပ် ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့ကို စစ်မီး မကူးလာစေရန် ဒေသခံ များ၏ တောင်းဆိုချက်အရဟုဆိုကာ နစက စစ်ကောင်စီတပ်နှင့် ညှိနှိုင်းကာ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)က ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ကြောင်းလည်းသိရသည်။

ထို့အပြင် ဇန်နဝါရီ ၅ ရက်နေ့ကလည်း ဟိုပန်မြို့ကို ကိုးကန့် MNDAA တပ်ဖွဲ့မှ သိမ်းယူခဲ့ပြီးေနာက် ဟိုပန်မြို့နှင့် ဟိုပန်မြို့နယ်ရှိ ပန်လုံမြို့တွင် “ဝ” တပ်ဖွဲ့က လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်နေရာ ယူထားခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင် ဟိုပန်နှင့် ပန်လုံမြို့ကို စစ်ကောင်စီမှ UWSA “ဝ” တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။


ဆက်စပ် သတင်းများ