- Web Master
- ၂၂ ဧပြီ ၂၀၂၃
နိရဉ္စရာ၊ ဇူလိုင် ၂၃
မြန်မာစစ်ကောင်စီကန့်ကွက်ထားသည့် အချက် (၄) ချက်စလုံးကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက မနေ့ကဇူလိုင် ၂၂ ရက်နေ့တွင် ပယ်ချလိုက်ပြီး အမူကို ဆက်လက်ကြားနာစစ်ဆေးသွားရန် ဆုံးဖြတ်ခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မှီတင်းနေထိုင်ကြသည့် မူဆလင်များအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာက တရားစွဲဆိုထားခြင်း အပေါ် လက်ခံကြားနာခြင်း မပြုလုပ်ဖို့ မြန်မာဘက်က အချက် ၄ ချက်ကို တင်ပြ ကန့်ကွက်ထားခဲ့သည်။
၎င်းအချက် (၄) ချက်စလုံးအပေါ် I CJ အပြည်ပြည်ဆိုင်ရာတရားရုံးက ပယ်ချခဲ့ခြင်း ဖြစ်သည်။
ဗွီအိုအေ (မြန်မာပိုင်း)က အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အကျယ်တဝင့်ရေးသားဖော်ပြရာတွင် မြန်မာဖက်မှ ကန့်ကွက်သည့် အမှတ်(၁) ကန့်ကွက်ချက်နှင့် အမှတ်(၄) ကန့်ကွက်ချက်ကို ICJ က ပူးတွဲစဉ်းစားခဲ့ပြီး ပယ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဂမ်ဘီယာနိုင်ငံအနေဖြင့် OIC ကို ကိုယ်စားပြုပြီး စွဲဆိုခဲ့သည် ဆိုသော မြန်မာ၏ ကန့်ကွက်ချက်နှင့် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာအကြား ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး အငြင်းပွားမှု မရှိဘူးဆိုသည့် မြန်မာဖက်က ပြောဆိုချက်ကို ICJ တရားသူကြီး ၁၆ ဦးစလုံးက တခဲနက် ပယ်ချခဲ့သည်ဟု ဗွီအိုအေ သတင်းတွင် ဖော်ပြသည်။
ဂမ်ဘီယာသည် ၎င်းအရေးကို စိုးရိမ်ကြောင်းနှင့် ယခုကိစ္စကို ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂနှင့် OIC အစည်းအဝေးတွေမှာ အထင်အရှားပြောကြားခဲ့ပြီး ကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်သည်မှာ ထင်ရှားကြောင်း တရားသူကြီးက ဖတ်ကြားခဲ့ကြောင်း၊ ၎င်းဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး နီးစပ်ရာ အဖွဲ့အစည်းတခုခု၏ အကူအညီ ငွေကြေးပံ့ပိုးမှုများကို ရယူနိုင်ခွင့်လည်း ရှိကြောင်း ICJ က ဆုံးဖြတ်ခဲ့ကြောင်း၊ အလားတူပင် ဂမ်ဘီယာက ကုလသမဂ္ဂမှာ ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် မြန်မာကိုယ်စားလှယ်က ကန့်ကွက်ခဲ့မှု၊ ဂမ်ဘီယာက ကိုးကားခဲ့သည့် UN Fact Finding Mission ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး မြန်မာက ကန့်ကွက်မှု၊ ၎င်းအပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို ဂမ်ဘီယာက ပေးပို့ထားသည့်စာ စသည့်အချက်များကို ထောက်ထားပြီး ဂမ်ဘီယာနှင့် မြန်မာအကြား ယခုကိစ္စအပေါ် အငြင်းပွားမှုအတိအကျရှိခဲ့သည်ဟု ICJ က ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြသည်။
မြန်မာဖက်က တတိယမြောက် ကန့်ကွက်ချက်ဖြစ်သည့် ဂျီနိုဆိုက် ပုဒ်မ ၈ ကို ခြွင်းချက် ထားခဲ့ခြင်းကြောင့် ဂမ်ဘီယာတနိုင်ငံတည်းအနေနှင့် ICJ ကို အသုံးပြုပြီး စွဲဆိုခွင့် မရှိဟု ဆိုသည့် အချက်ကိုလည်း ICJ အနေဖြင့် စဉ်းစားရာမှာ မြန်မာဖက်က လက်ခံသဘောတူထားသည့် ပုဒ်မ ၉ ကိုပဲ အဓိကထား ဆုံးဖြတ်ခဲ့ပြီး ဂမ်ဘီယာအနေနှင့် ICJ မှာ တင်ပြစွဲဆိုခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
မြန်မာဖက်က ဒုတိယမြောက် ကန့်ကွက်ထားသည့် ဂမ်ဘီယာနိုင်ငံသည် ရိုဟင်ဂျာအရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်သည့် နိုင်ငံမဟုတ်သည့် အတွက် ယခုကိစ္စမှာ ပါဝင် စွဲဆိုခွင့်မရှိကြောင်း အချက်ကိုလည်း ICJ ကပယ်ချခဲ့သည်။
လူသားထုအပေါ် ကျူးလွန်သည့် ကိစ္စရပ်များအပေါ် ကာကွယ်ရန်သတ်မှတ်ထားသည့် ဂျီနိုဆိုဒ် ပဋိဉာဏ်စာတမ်းအရ စိုးရိမ်ပူပင်သည့် နိုင်ငံတိုင်းအနေဖြင့် စာချုပ်ပါ အဖွဲ့ဝင် အခြားနိုင်ငံတခုအပေါ် တရားစွဲဆို တင်ပြပိုင်ခွင့်ရှိကြောင်း ICJ က ဆုံးဖြတ်ခဲ့ပြီး ၎င်းဆုံးဖြတ်ချက်အပေါ် တရားသူကြီး ၁၅ ဦး ထောက်ခံပြီး၊ တဦးက ကန့်ကွက်ခဲ့သည်။
အဆုံးသတ်အနေဖြင့် မြန်မာဖက်က ကန့်ကွက်ချက်အားလုံးကို ICJ ကပယ်ချပြီး ဂမ်ဘီယာက စွဲဆိုထားသည့် ဂျီနိုဆိုက်ကျူးလွန်မှုများရှိသည်ဆိုသည့် စွပ်စွဲချက်ကို ဆက်လက် ကြားနာသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း ဗွီအိုအေ သတင်းတွင် ဖော်ပြထားသည်။
၎င်းဆုံးဖြတ်ချက်များကို အသေးစိတ်ကို မကြာခင် ထုတ်ပြန်မည် ဖြစ်ပြီး၊ ဆက်လက်ကြားနာမှုများကို မည်သည့် အချိန် ပြန်စမည်ဆိုသည်ကို သတ်မှတ်ပြောကြားတာမရှိခဲ့ဟု သိရသည်။