သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ်တွင် ကာယအလှနှင့်ကြံ့ခိုင်မှုပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.7k

ကနီမင်းထွန်း

နိရဥ္စရာ၊ ဇန်နဝါရီ ၁၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်တွင် အမျိုးသမီး/အမျိုးသား ကာယာဗလ၊ ကာယအလှနှင့် ကာယကြံခိုင်မှုပြိုင်ပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ယနေ့ ကျင်းပခဲ့သည်။

ပွဲကျင်းပရေး တာဝန်ခံဥက္ကဋ္ဌ ဒဿနိကဗေဒမှ ဒေါက်တာ ပြုံးပြုံးစုက “နှစ်စဉ်နှစ်တိုင်းမှာတော့ အားစားပွဲတွေ ကျင်းပတယ်။ ဒါပေမယ့် ဒီကာယာဗလ၊ ကာယအလှနဲ့ ကာယကြံ့ခိုင်မှုပြိုင်ကတော့ ဒီနှစ်မှာ စစ်တွေတက္ကသိုလ်မှာ ပထဆုံး အကြိမ်ကျင်းပတာဖြစ်တယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

၄င်းပြိုင်ပွဲမှ ကာယာဗလ၊ ကာယအလှ မောင်/မယ်များထွက်ပေါ်လာပြီး စစ်တွေတက္ကသိုလ်မှတဆင့် ရခိုင်ပြည်နယ် ကိုယ်စားပြုပါဝင်လုပ်ဆောင်နိုင်သည့် ကျောင်းသူ၊ ကျောင်းသားများ ပေါ်ပေါက်လာရန်လည်း ရည်ရွယ်သည်ဟုလည်း သူမက ဆက်ပြောသည်။

၄င်းပြိုင်ပွဲတွင် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်မှ ဘာသာရပ်ပေါင်းစုံမှ အမျိုးသမီး(၂ဝ)ဦးနှင့် အမျိုးသား (၁၁)ဦးတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသမီး ကာယအလှပြိုင်ပွဲတွင် ပထမဆုကို မရွှေထိပ်ထား (ရုက္ခဗေဒ )၊ ဒုတိယဆုကို မဆုသူသူဖြိုး (အင်္ဂလိပ်စာ)နှင့် တတိယဆုကို မသင်းမြမြခိုင် (ဒဿနိက)တို့က အသီးသီးရရှိခဲ့ကြသည်။

အမျိုးသမီး ကာယကြံခိုင်မှုပြိုင်ပွဲတွင် ပထမဆုကို မအေးအေးစိုး (ဘူမိဗေဒ)၊ ဒုတိယဆုကို မသန္တာ(ရူပဗေဒ)နှင့် တတိယဆုကို မအေးမြတ်စိုး (အင်္ဂလိပ်စာ)တို့က ရရှိခဲ့သည်။

ကာယဗလမောင်ပြိုင်ပွဲတွင် ပထမဆုကို ကိုမျိုးသူရကျော်(ပထဝီဝင်)၊ ဒုတိယဆုကို ကိုဝင်းမိုးဇော်(သတ္တဗေဒ)နှင့် တတိယဆုကို ကိုကျော်နိုင်လင်း(ဓာတုဗေဒ)တို့က ရရှိခဲ့သည်။

ကာယဗလမောင်ပြိုင်ပွဲမှ ဒုတိယဆုရရှိသူ ကိုဝင်းမိုးဇော်က “အားကစားလုပ်တယ်ဆိုရင်တော့ ကျန်းမာရေးကောင်းတယ်။ အားကစားမလုပ်တဲ့သူထက် အားကစားလုပ်တဲ့သူက ခန္ဓာကိုယ်ကြံ့ခိုင် ဖွံ့ဖြိုးမှုပိုင်းက ပိုကောင်းတာပေါ့။ ကျနော်ကတော့ နောက်ထပ်ပိုကြိုးစားသွားမယ်။ ဒီလိုပွဲမျိုးတွေ နောက်ထပ်လည်း လုပ်ပေးစေချင်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ရခိုင်ပြည်နယ်မှ လူငယ်အများစုသည် ကာယဗလအားကစားနှင့်ပတ်သက်၍ စိတ်ဝင်စားမှုနည်းပါနေသည့်အတွက် ယခုကဲ့သို့ စစ်တွေတက္ကသိုလ်တွင် ကာယအားကစားပြိုင်ပွဲ ပြုလုပ်ပေးခြင်းသည် မျိုးဆက်သစ်လူငယ်များ ကိုယ်ကာယအားကစားကို ပို၍စိတ်ဝင်စားလာမည်ဟု ရခိုင်ပြည်နယ် အိုလံပစ်အားကစား၊ ကာယဗလနှင့် အလေးမအသင်းမှ ကာယဗလမောင် ကိုအောင်ထွန်းလင်းက သုံးသပ်ပြောဆိုခဲ့သည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ညနေ ပိုင်းအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

--------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၁၅ / ၂ဝ၂ဝ












ဆက်စပ် သတင်းများ