သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားနေ့ ကိုဗစ်နှင့်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြို့နယ်တချို့တွင် ကျင်းပရန်အစီအစဉ်မရှိသော်လည်း သံတွဲမြို့တွင်ပျော်ပွဲ၊ ရွှင်ပွဲများဖြင့် ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3.7k

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၁/ ၂ဝ၂၁

ယခုနှစ် ရခိုင်အမျိုးသားနေ့ကိုရခိုင်ပြည်နယ်ရှိမြို့နယ်တချို့တွင် ကိုဗစ်-၁၉ နှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်မည်မဟုတ်သော်လည်း သံတွဲမြို့တွင် ပျော်ပွဲ၊ ရွင်ပွဲများဖြင့် ကျင်းပသွားမည်ဟု သတင်းရရှိသည်။

သံတွဲမြို့နယ်မှ ငွေသဇင်ဖောင်ဒေးရှင်းနှင့် လူငယ်အဖွဲ့တို့မှ ပူးပေါင်း၍ မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ငှက်ပျောပင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ ပိုက်ကျော်ခြင်းနှင့် ကလေးငယ်များအား မုန့်ကိုက်ပွဲ၊ အပ်ခြေထိုးပွဲတို့ ကျင်းပကာ ၂၆ ရက်နေ့တွင် ပန်းချီပြိုင်ပွဲ၊ နံရံကပ်ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများဖြင့် အခမ်းအနားပြုလုပ်၍ကျင်းပမည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အမှန်က ကျင်ပွဲတွေပါထည့်ချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ရန်ပုံငွေအရ နောက်ဆုတ်ထားလိုက်ပါတယ်။ မထည့်ဖြစ်လိုက်တော့ပါဘူး။ ပြိုင်ပွဲဝင်မယ့်လူတွေကို ဖိတ်ခေါ်ထားပါတယ်။ သုံးရက်ပေါ့ ပျော်ပွဲရွှင်ပွဲကတော့။ အကောင်းဆုံးဖြစ်အောင်လုပ်နေပါတယ်။ဟုပြောသည်။

ရခိုင်အမျိုးသားနေ့ကို ကျောက်တော်မြို့ရှိ မဟာမုနိဘုရားသွန်းလုပ် ပြီးစီးသည့်နေ့ဖြစ်သည့် ကဆုန်လပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြု၍ ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် ၈ ကြိမ်မြောက်ဖြစ်ကြောင်း၊ ယခင် ၂ဝ၁၈ ခုနစ်မှ စ၍ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်-၁၉ ရောဂါနှင့် ဒေသမတည်ငြိမ်မှုများကြောင့် မြို့နယ်အများအပြားတွင် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း စစ်တွေမြို့မှ ပွဲကျင်းပရေးကော်မတီ ကိုစိုးနိုင်က ပြောသည်။

ကျွန်တော်တို့ စစ်တွေမှာတော့ မကျင်းပနိုင်ဘူး။ အဓိကကတော့ အလှူငွေကောက်ခံဖို့ အခက်အခဲတစ်ခုရယ် ဟိုရက်ပိုင်းကပဲ ကိုဗစ်-၁၉ အတည်ပြုလူနာစစ်တွေမှာ တွေ့ထားတဲ့ကိစ္စရယ်ကြောင့် မလုပ်ဖြစ်တော့ပါဘူး။ သံတွဲမှာလုပ်မယ်ဆိုလို့ ဝမ်းသာပါတယ်။ နောက်နောက်တွေမှာ စစ်တွေမှာလည်း လုပ်ဖြစ်အောင်ကြိုးစားမှာပါ။ သံတွဲအပြင်တခြားမြို့နယ်တွေလုပ်မယ်လို့ မကြားမိသေးဘူးဟုပြောသည်။

ပေါက်တောမြို့နယ်တွင် ရခိုင်အမျိုးသားနေ့ကျင်းပချင်သော်လည်း လူတိုင်း ငွေကြေးအကျပ်အတည်းကြုံနေရ၍ အလှူငွေ ကောက်ခံရန် အခက်အခဲရှိသဖြင့် ယခုနှစ်တွင် ကျင်းပနိုင်မည့်အခြေအနေ မရှိကြောင်း ပေါက်တောမြို့နယ်မှ ရခိုင်အမျိုးသားနေ့ ကျင်းပရေး ကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးကျော်ကျော်ခိုင်ကလည်းပြောသည်။

၂ဝ၁၄ ခုနစ်ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ကျောက်ဖြူမြို့တွင် ပြုလုပ်ကျင်းပခဲ့သည့် ရခိုင်အမျိုးသားညီလာခံမှ ကဆုန်လပြည့်ကျော် (၁) ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် သဘောတူခဲ့ကြသည်ဟုသိရသည်။

ဆက်စပ် သတင်းများ