တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို လက်မခံကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 170

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ  ၃၀ / ၂၀၂၄

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကိုပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်သည်ဟု ရှုမြင်သဖြင့် လက်ခံညှိနိုင်းမည်မဟုတ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ  စက်တင်ဘာလ ၂၈ နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ထို့ကြောင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီသည် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သောဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေး ကြိုးပမ်းသွား မည်ဖြစ်သည်ဟု ဆိုသည်။

၎င်းပြင် ကရင်နီပြည်အတွင်း ၎င်းတို့၏မတရား လုပ်ဆောင်မှုများကို တားမြစ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

တရားမဝင်အာဏာသိမ်းစစ်တပ်သည် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ လူထုထံမှအာဏာသိမ်းယူကာ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စဉ်ဆက်မပြတ်ကျူးလွန်ခဲ့သည်ဟုဆိုသည်။

“စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ ဘာသာရေး အဆောက်အဦး များနှင့် ပြည်သူလူထုအိုးအိမ်များကို ပစ်မှတ်ထား၍ လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် တိုက်ခိုက်မှုများကို မြန်မာနိုင်ငံအနှံ့ကျူးလွန်ခဲ့မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူအမြောက်အမြား ထိခိုက်သေဆုံးခဲ့ကြရသည်” ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

အကြမ်းဖက်အဖွဲ့ဖြစ်သည့် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို လူထု ပေါင်းစုံမှတက်ညီလက်ညီ ဆန့်ကျင်ကြသဖြင့် ၎င်းတို့၏အုပ်ချုပ်ရေးယန္တရားများမှာ တရားဝင်မှု မရှိတော့သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှုမှာလည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ရောက်မှုမရှိတော့ပေ။ ထိုအခြေအနေတွင် တရားမဝင်အာဏာသိမ်းစစ်တပ် သည် ပြည်သူများအားအတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ သန်းခေါင်စာရင်းကောက်ယူရန် အားထုတ်လာ ခြင်း၊ နိုင်ငံရေးထွက်ပေါက်ရှာလို၍ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းလာခြင်း၊ ဒီမိုကရေစီအင်အားစု များအကြား သွေးခွဲရန်ရည်ရွယ်ချက်ဖြင့် အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်းစသော အချက်များ ပါဝင်သည့် ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လာကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တခြားသော ပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များအနေဖြင့် လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက် ရပ်တည်ကြရန်လည်း တိုက်တွန်းထားသည်။


 

 

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!