သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေဆေးရုံတွင် ဆရာဝန် (၂၀) ကျော် အလုပ်မဆင်း၍ လူနာများအခက်တွေ့နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)

 

နိရဉ္စရာ၊ မတ် ၁၅ / ၂၀၂၁

 

ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့၊ ပြည်သူ့ဆေးရုံးကြီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန် (၂၀) ကျော်ခန့် အလုပ်အဆင်းသဖြင့် လူနာများမှာ ဆေးကုသရန်အခက်အခဲကြုံတွေ့ နေရကြောင်း သိရှိရသည်။

 

အလုပ်မဆင်းသော ဆရာဝန်များမှာ ခွဲစိပ်လက်ထောက်ဆရာဝန် (၁) ဦး၊ သားဖွားမီးယပ် လက်ထောက်ဆရာဝန် (၁) ဦး၊ အထူးကုသမားတော်ကြီးတစ်ဦး (၁) ဦး၊ မျက်စိလက်ထောက်ဆရာဝန် (၁) ဦး၊ ဓာတ်မှန်လက်ထောက်ဆရာဝန် (၁) ဦး၊ စိတ်အထူးကုဆရာဝန် (၁) ဦး၊ အရေပြား အထူးကုဆရာဝန် (၁) ဦး၊ သွားအထူးကုဆရာဝန် (၁) ဦး၊ ရောဂါဗေဒအထူးကုဆရာဝန် (၁) ဦး၊ အရိုးအထူးကု ဆရာဝန် (၂) ဦး အပါအဝင် လက်ထောက်ဆရာဝန် (၂၀) ကျော်ခန့် အလုပ်အဆင်းကြဟု အမည်မဖော်လိုသော ဆေးရုံဝန်ထမ်းတစ်ဦးကပြောသည်။

 

၄င်းတို့အထဲမှ စိတ်ကျန်းမာရေးလူနာများ၊ အရေပြားအထူးကုလူနာများနှင့် အရိုးအထူး ကုလူနာများ အတွက် အစားထိုးကုသရန် ဆရာဝန်များမရှိတော့သဖြင့် ၄င်းလူနာများမှာ ပိုမိုအခက်အခဲ ဖြစ်နေကြောင်း သူက ဆက်ပြောသည်။

 

ခွဲစိပ်လူနာတွေအတွက်တော့ သိပ်အရေးမကြီးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာခွဲစိပ်ဆရာဝန် ၂ ယောက်ရှိသေးတယ်။ သူတို့အတွက်ကျတော့ သိပ်ပြဿနာမရှိဘူး။  ဆရာဝန်လုံးဝမရှိတာကတော့ အရိုး၊ အရေပြား၊ စိတ် အဲဒီလူနာတွေအတွက်တော့ ဆေးရုံမှာ ဆရာဝန် လုံးဝမရှိဘူး။ ဒါပေမဲ့ လောလောဆယ်မှာတော့ အရိုးလူနာတွေကို ခွဲစိပ်ဆရာဝန်တွေက ကုသပေးနေရတယ်။ တခြား အရေပြားနဲ့ စိတ်ကျန်းမာရေးလူနာတွေကိုတော့ ဘယ်လိုကုသနေလဲ မသိဘူး။ ဟုပြောသည်။

 

အရိုးဆောင်တွင် ဆေးကုသမှုခံယူနေခဲ့သော ပေါင်ရိုးကျိုးလူနာတစ်ဦးမှာလည်း ဆရာဝန်များ မရှိတော့သဖြင့် ဆေးရုံမှဆင်းပြီး တိုင်းရင်းဆေးဆရာများနှင့် ကုသနေရသည်ဟု ကာယကံရှင်က ပြောသည်။

 

ဆရာဝန်တွေမရှိတော့ဘူးဆိုတော့။ ဆေးရုံမှာရှိတဲ့လူနာတွေက တော်တော့ကို အခက်အခဲ ကြုံနေရတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ငွေရေး၊ ကြေးရေး၊ ကုန်ကျမှုတွေများတဲ့အတွက် မကုသနိုင်လို့  ပြည့်သူဆေးရုံကိုလာတာ။ အခု ပုဂ္ဂလိက ဆေးရုံတွေမှာလည်း မကုသနိုင်တဲ့အတွက် ရွာကိုသွားပြီးတော့ တိုင်းရင်းဆေးဆရာတွေနဲ့ ကုသနေရတယ်ဟုပြောသည်။

 

၄င်းကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက လူနာများအနေဖြင့် ဆေးရုံများတွင် ဆေးကုသမှုခံယူရန် အခက်အခဲ ကြုံတွေ့ရလျှင် တပ်ဆေးရုံသို့ လာရောက်ကုသနိုင်သည်ဟု ပြောသည်။

 

စစ်တွေဆေးရုံမှာလည်း ကုသလို့ရတယ်။ ဒါပေမဲ့ လိုအပ်လို့ရှိရင်တော့ တပ်ကိုပြောင်းပြီးတော့ ကုပေးနေတာတွေရှိတယ်။ တချို့လည်း တပ်ဆေးရုံကို တိုက်ရိုက်လာပြီးတော့ ကုနေတာတွေ ရှိပါတယ်။  အရေအတွက်တော့မသိဘူးဟုပြောသည်။

 

လက်ရှိစစ်တွေပြည်သူ့ဆေးရုံကြီးတွင် လူနာ ၃၀၀ ကျော်ရှိပြီး၊ ဆရာဝန် ၅၀ ခန့်ရှိသည်ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆက်ပြောသည်။

 

အဆိုပါကိစ္စများနှင့်ပတ်သက်၍ စစ်တွေဆေးရုံအုပ် ဒေါက်တာဇော်လွင်၊ ရခိုင်ပြည်နယ်၊ ပြည်သူ့ ကျန်းမာရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်တို့အား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ဆက်စပ် သတင်းများ