သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကိုယ်ထူကိုယ်ထ ဆောက်ထားသည့် ကျန်းမာရေးအဆောက်အဦအား ပေါက်တောကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k


ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၁၉/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အဝကံကျေးရွာ ရွာဝင်ဝင်တွင် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် ကျန်းမာရေးအဆောက်အဦအား မြို့နယ်ကျန်းမာရေးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဝကံကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အဆောက်အဦသစ်ကို ယနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ပေါက်တောမြို့နယ်ဆေးရုံကြီးတွင် အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ် ဆရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က တက်ရောက်လက်ခံရယူခဲ့ကြသည်။
အဆောက်အဦအားစုပေါင်းလုပ်ဆောင်ရာတွင်ပါဝင်သည့် ဦးပဇင်း အရှင်ပညာက “အဲဒီအဆောက်အဦကို ကိုယ်တော်တို့က အစိုးရကို၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို လွှဲပြောင်းပေးလိုက်ပြီဆိုတော့ သူတို့မှာ အဲဒါကို ဆေးရုံလိုမျိုးလုပ်မှာလား၊ ဆေးခန်းလိုမျိုးလုပ်မှာလားတော့ မပြောတတ်ဘူးပေါ့နော်။ ဒါပေမဲ့ သူတို့ပြောတာကတော့ ဒါကို ကျန်းမာရေးဌာနခွဲတစ်ခုဖြစ်အောင် လုပ်ပေးဖို့တော့ ပြောပါတယ်။” ဟု နိရဥ္စရာကို မိန့်သည်။
ပေါက်တောမြို့နယ် အဝကံကျေးရွာတွင် ဆေးခန်း၊ ဆေးရုံများမရှိသည့်အတွက် ရွာသူ/သားများနှင့် စစ်တွေမြို့၊ မင်းဂံအကွက်ရပ်ကွက် အကွက်(၈)ရှိ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင်သုဂန္ဓအပါအဝင် ဦးပဇင်းနှစ်ပါးတို့က စုပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွာမှာ ကိုယ်ဝန်ဆောင်တွေ မျက်နှာမြင်ရင် မြို့ပေါ်တက်ကြရသေးတယ်။ တချို့ဆို မြို့ပေါ်ကိုမရောက်နိုင်ဘဲ လမ်းမှာ ဆုံးသွားတာတွေရှိတယ်။ တခြား ရွာမှာ အက်ဆီးဒင့်တို့တစ်ခုခုဖြစ်ရင်တောင် ဆေးခန်းမရှိဘူး။ အဲဒီရည်ရွယ်ချက်နဲ့ ဒါကို စုပေါင်းပြီး လုပ်ကြတာဖြစ်ပါတယ်။” ဟု ဦးပဇင်း အရှင်ပညာက မိန့်သည်။
အလျားပေ ၄၀ နှင့် အနံပေ ၃၀ ရှိသည့် ထိုအဆောက်အဦကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင် အကောင်ထည်ဖော်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မကြာသေးခင်ကမှ ပြီးစီးသွားခြင်းဖြစ်သည်။
အဝကံရွာမှ အုပ်ချုပ်ရေးမှူး ဦးလှအောင်ဇံက “ရပ်သူရွာသားတွေ ကျန်းမာရေးအတွက် လိုအပ်ချက်ရှိလို့ ဆောက်ခဲ့တာပါ။ အစိုးရက ချပေးတာ မရှိခဲ့ဘူးပေါ့။ ဒီနားက သဝင်ချောင်းရွာမှာတော့ ကျေးလက်ကျန်းမာရေးဌာနရှိပါတယ်။ ဒါပေမဲ့ အဲဒီရွာနဲ့က နာရီခွဲကြာလောက် သွားရပါတယ်။ အဲဒီမှာ ဆေးခန်းသွားပြရတာတွေရှိတယ်ပေါ့။” ဟု ပြောသည်။
ယင်းအဆောက်အဦအားဆောက်လုပ်ရန် နိုင်ငံခြားရောက် ရခိုင်သားအချို့တို့ကလည်း အလှူငွေအချို့ ပါဝင်လှူဒါန်းခဲ့ကြပြီး အဆောက်အဦတစ်ခုလုံးအတွက် ကျပ်သိန်းပေါင်း ၃၅၀ ကုန်ကျခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ