သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တိုက်ပွဲ ပြင်းထန်၊ ရဟတ်ယာဉ် သုံးစီးဖြင့် တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘ ၁၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာနှင့် ဒိုင်းသားကျေးရွာအကြား ကျော်ကချောင်း အနီးတဝိူက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားနေသောတိုက်ပွဲ သုံးရက်မြောက်နေ့တွင် တပ်မတော်မှ ရဟတ်ယာဉ် သုံးစီးကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

“ တိုက်ပွဲက ဒီကနေ့ နံနက် ၉ နာရီကျော်ကတည်းက ဖြစ်နေတာပါ။ ပစ်လိုက်၊ ရပ်လိုက် အဲသလိုမျိုးဖြစ်နေတဲ့မျိုးပါ။ လက်နက်ကြီး လက်နက်ငယ်သံတွေကိုရော ကြားရပါတယ်။ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရဟတ်ယာဉ် သုံးစီးနဲ့ တိုက်ခိုက်ပါတယ်။ ပျံတယ်၊ ဝဲတယ်။ တစ်စီးဝဲသွားတယ်။ နောက်တစ်စီးလာတယ်။ အဲသလိုမျိုးတိုက်ခိုက်တာပါ” ဟု ရွှေကျင်ကျေးရွာမှ အမျိုးသမီး တစ်ဦး ကပြောသည်။

မင်းပြားမြို့နယ် ပန်းမြောင်းရွာမှ ပညာတတ်လူငယ် တစ်ဦးရဟတ်ယာဉ် ၃ စီးတွင် တစ်စီးမှာMi 35 အမျိုးစားဟု ယူဆရပြီး  ၂စီးမှာ ရိုးရိုးဟု ပြောကြားသည်။

“ ကျွန်တော်တို့မြင်တာက သုံးစီးပါ။ တစ်စီးကတော့ Mi 35 အမျိုးအစားလို့ ထင်ပါတယ်။ နှစ်စီးကတော့ ရိုးရိုးတွေပါ။ ကျွန်တော်တို့ရွာက မြင်ရပါတယ်။ ရွာထဲက အောင်မင်္ဂလာ တောင်ပေါ်ကလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တာတွေရှိခဲ့ပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၂ မိုင်ခန့်အကွာရှိ မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာမှ ရွာသားတစ်ဦးက ” မနက် ၉နာရီခွဲလောက်ကဖြစ်တာပါ ။ ၄၅ မိနစ်လောက် ဖြစ်တယ်။ ရပ်သွားတယ်။ ဆက်ပြီး နှစ်ဖက်ပစ်ခတ်သံတွေ ထပ်ကြားရပါတယ်။  လက်နက်ကြီးပစ်သံ သေနတ်ပစ်သံတွေရော ကြားရပါတယ်။ တိုက်ပွဲဖြစ်ရင် ကျနော်တို့ရွာသားတွေ လည်းကြောက်ရပါတယ်။ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ပါတယ်။ တစ်စီးပြီး တစ်ီး လာတိုက်တာပါ။ နာရီဝက် နီးပါးလောက်ကြာပါတယ်” ဟု ပြောသည်။

မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာအုပ်ချုပ်ရေးမှူးမှလည်း ယနေ့တိုက်ပွဲတွင် တပ်မတော်မှ ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်မှု အတည်ပြုပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချူပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ကျနော်တို့ တပ်မတော်က AA စခန်းကို ဝင်တိုက်တာပါ။ နယ်မြေသွားရှင်းတာပေါ့” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၄င်းကိစ္စနှင့် ပက်သက်၍ ရက္ခိုင့် တပ်တော် (AA) မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား နိရဥ္စရာသတင်းဌာနမှ အကြိမ်ကြိ်မ်ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

အလားတူ ဒို်င်းသားကျေးရွာ အုပ်ချူပ်ရေးမှူးအား နိရဥ္စရာမှ ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့၍ ကျေးရွာသားများ ထိခိုက်မှု ရှိမရှိ မသိရှိခဲ့ရပါ။

မင်းပြားမြို့နယ်ရွှေကျင်ကျေးရွာနှင့် ဒိုင်းသားကျေးရွာအကြား ကျော်ကချောင်း တဝှိုက်တွင် စက်တင်ဘာ ၁၄ ရက်နေ့မှ ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ အထိ ၃ ရက်ကြာ တိုက်ပွဲဖြစ်နေခြင်းဖြစ်ကြောင်း၄င်းတိုက်ပွဲဖြစ်ပွားရာ ဒေသအနီး ကျေးရွာ ဒေသခံတစ်ဦးမှ ပြောသည်။

ရဟတ်ယာဉ်သုံးစီးဖြင့် မိနစ် ၂ဝ ခန့်တိုက်ခိုက်ပြီး ပြန်သွားသော်လည်း တိုက်ပွဲထဲမှ သေနတ်သံများကို ညနေ ၄ နာရီကျော်ထိ ကြားနေခဲ့ရသည်ဟု ရွှေကျင်ရွာသား တစ်ဦးက ပြောကြားသည်။

ဆက်စပ် သတင်းများ