တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

ကရင် ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှုးနှင့် 2IC ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်၄၈ ဦး အရှင်ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 777

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ မေ ၂၆ ရက်/၂၀၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖိုးချီးမူးစစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှုး ဗိုလ်မှူး ရန်အောင်နှင့် 2IC ဗိုလ်မှူး မင်းမင်းထွန်းအပါအဝင် စစ်ကောင်စီတပ်သား ၄၈ ဦး အရှင်ဖမ်းမိ ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ် ဆင်ရေးတပ်ဖွဲ့ (SOF) က ယနေ့ မေ ၂၆ ရက် တွင် သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ထိုင်းမြန်မာနယ်စပ် စစ်ကောင်စီ၏ အင်အားကြီး အထိုင်စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းအား KNLA ၊ PDF နှင့် ဒရုန်းပူးပေါင်းတပ်များမှ စစ်ကောင်စီ၏ ရိက္ခာနှင့် စစ်ကူပို့လမ်းကြောင်းများအား ပိတ်ဆို့ဖြတ်တောက်ကာ မြေပြင်ချေမှုန်းရေးနှင့် ဒရုန်းစစ်ဆင်ရေးများဆောင်ရွက်ခဲ့ကြပြီး မေလ ၁၉ ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မေလ ၁၈ ရက်နေ့ညတွင် ရန်သူအင်အား (၉၀) ကျော် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြပြီး မေလ ၁၉ ရက်နေ့တွင်  KNLA၊ SOF တော်လှန်ရေးပူးပေါင်းတပ်များနှင့် နံနက် ၉နာရီ၂၀ခန့်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကာနေ့လယ် ၁၂ နာရီ ၃၀ အချိန်တွင် စစ်ကောင်စီ အလောင်းနှင့် MA4 ပူးတွဲတစ်လက်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။


ဆက်လက်၍ ဒရုန်းဖြင့်ဗုံးကြဲ၍ မြေပြင်မှပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မေလ၂၀ ရက်နေ့ မနက် ၆ နာရီတွင် စစ်ကောင်စီတပ်သား (၁၂) ဦး လက်နက်နှင့်အတူအရှင်ဖမ်းမိခဲ့ကာ ၈ နာရီတွင် ဒုတပ်ရင်းမှုး ရန်အောင်နှင့် 2IC မင်းမင်းထွန်းအပါ  (၂၃) ဦး လက်နက်ချအညံ့ ခံလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မေလ၂၁ ရက်နေ့ နယ်မြေရှင်းလင်းဆောင်ရွက်စဥ် ရန်သူအလောင်းတစ်လောင်း နှင့် အရှင် (၇) ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့ကာ မေလ ၂၂ ရက်နေ့တွင် တပ်ကြပ်ကြီး အဆင့်ရှိသူနှစ်ဦးအပါအဝင် (၆) ဦး ထပ်မံဖမ်းမိခဲ့သောကြောင့် စုစုပေါင်း ရန်သူ (၄၈) ဦးလက်ရဖမ်းမိခဲ့ပြီး လက်နက် (၅၀) ကျော်သိမ်းဆည်းနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီ ဘက်မှ (၂၀) ကျော်သေဆုံးခဲ့ပြီး ကျန်ရှိသည့် (၂၆) ဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်မှ MI35 ဖြင့်နှစ်ကြိမ် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ၄င်းတို့ ပြန်ဆုတ်ပြေးသည့်လမ်းတွင်လည်း ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးအား  ပစ်သတ်ခဲ့ကြောင်းသိရသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်ခဲ့ပြီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။ ထိုင်းမြန်မာနယ်စပ် ရေသလျှောက်စခန်း၊ မဲသရောထစခန်း နှင့် ကွီလုံတိုင်စခန်းတို့်အား KNLA ၊ SOF နှင့် ဒရုန်းပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိထားပြီး ယ္ခုသိမ်းပိုက်ရရှိသည့် ဖိုးချီးမူးစခန်းသည် စကခ (၁၃) လက်အောက်ခံ (ခလရ-၅၅၇)၊ (ခမရ-၅၆၁)နှင့် (၃၉၉ အမြှောက်တပ်) မှ ဖြစ်ပြီး ၄င်းနယ်စပ် တလျှောက် နောက်ဆုံးလက်ကျန်စခန်းဖြစ်သောကြောင့် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ အပြည့်အဝ နယ်မြေစိုးမိုး ထိမ်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဓာတ်ပုံ- SOF

ဆက်စပ် သတင်းများ