သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မိုးကုတ်နှင့် နမ့်ခမ်း မြို့နယ်နှစ်ခုတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ကျဆုံးမှုများပြားဟု TNLA ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တို့တွင် တအာင်းတပ်မတော်  (PSLF/TNLA) နှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာလ ၂၁ရက်နေ့၌တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ကျဆုံးမှု များပြားခဲ့ကြောင်း  TNLA  အဆင့်မြင့်အရာရှိတစ်ဦးမှ နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

TNLA ၏ တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသဖြစ်သည့် မိုးကုတ်မြို့နယ်နှင့် တပ်မဟာ(၁)စစ်ဒေသဖြစ်သည့် နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

“မိုးကုတ်နဲ့ နမ့်ခမ်းဖက်မှာတိုက်ပွဲ ဖြစ်တယ်၊သူတို့အထိအခိုက်များသလို လက်နက်တွေလည်းရတယ် လောလောဆယ်တော့ ဒီလောက်ပဲပြောနိုင်ပါတယ်” ဟု TNLA  အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်

တအာင်းတပ်မတော် တပ်မဟာ(၁)စစ်ဒေသ နမ့်ခမ်းမြို့နယ်တွင် အောက်တိုဘာလ ၂၁ရက် နံနက်၉နာရီ ၅၀အချိန် စစ်ကောင်စီတပ် စကခ(၇) ခမရ - ၄၂၇ တို့မှ ပန်ဟန်ကြီးကျေးရွာသို့ ထိုးစစ်ဆင်လာချိန် စယ်နေကျေးရွာနှင့် ဖာပြန်ရွာအကြားတွင် ညနေ၄နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ အလောင်း(၁)လောင်း၊ လက်ထောက်(၁)လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထို့အပြင် တအာင်းတပ်မတော် တပ်မဟာ(၂)စစ်ဒေသ မိုးကုတ်မြို့နယ်တွင်လည်း အောက်တိုဘာလ ၂၁ရက် မွန်းလွဲ ၁နာရီ ၅၀ မှ ၂နာရီအထိ စစ်ကောင်စီတပ် တပ်မ(၄၄) ခလရ - ၁၀၂/၁၀၄၊ လပခ/ခလရ -၈၈ တို့နှင့် အထက်ညောင်ကုန်းရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိအပါအဝင် ထိခိုက်ကျဆုံးမှုများပြားခဲ့သောကြောင့် အထက်ညောင်ကုန်းရွာသို့ လက်နက်ကြီးဖြင့် (၃၆)ကြိမ်၊ မူဆယ်မြို့နယ် တီမားရွာအနီးနှင့် လွယ်မောက်တောင်သို့ နမ့်ဖက်ကာတပ်မှ လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ညနေ ၄အချိန်တွင် စစ်ကောင်စီ တံတားဦးလေတပ်မှ ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံး ၈ လုံးလာရောက်ကြဲ ချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုသို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အထက်ညောင်ကုန်းကျေးရွာရှိ ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက် မီးလောင်ပျက်ဆီးသွားခဲ့ကြောင်းသိရသည်။စစ်ကောင်စီတပ်နှင့် TNLA တို့သည် အောက်တိုဘာလအတွင်း တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ NN-15

ဓာတ်ပုံ - TNLA

 

ဆက်စပ် သတင်းများ