ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

တိုက်ပွဲများကြောင့် ရပ်တန့်နေသည့် စစ်တွေ-အိန္ဒိယဆိပ်ကမ်း ပြန်လည် လည်ပတ်နိုင်ရေးကြိုးပမ်းနေဟု အိန္ဒိယပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 325

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၂ /၂၀၂၄

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများကြောင့် ရပ်တန့်နေရသည့် စစ်တွေ-အိန္ဒိယဆိပ်ကမ်းကို ပြန်လည် လည်ပတ်နိုင်ရေးကြိုးပမ်းနေသည်ဟု အိန္ဒိယအစိုးရက ထုတ်ဖော်ပြောကြားလိုက်သည်။

အိန္ဒိယအစိုးရ ဆိပ်ကမ်းနှင့် ရေကြောင်း ကုန်သွယ်ရေးဝန်ကြီး ဆာဘန်နန်ဒါ ဆိုနိုဝယ် (Sarbananda Sonowal)နှင့် Hindu Business Line သတင်းဌာနတို့ သီးသန့်မေးမြန်းစဥ်တွင် ယခုကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ထိုသတင်းဌာနက အောက်တိုဘာ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အိန္ဒိယအစိုးရသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ကုလားတန်မြစ်ကြောင်းမှတဆင့် အရှေ့မြောက်ပြည်နယ်များသို့ ကုန်စည်ပို့ဆောင်မည့် ကုလားတန်မြစ်ဘက်စုံသုံးစီမံကိန်းတွင် အရေးပါသည့် စစ်တွေဆိပ်ကမ်း ပြန်လည် လည်ပတ်နိုင်ရေး မြန်မာအာဏာပိုင်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်းလည်း ဝန်ကြီးက ပြောဆိုခဲ့သည်။

စစ်တွေ-အိန္ဒိယဆိပ်ကမ်းသည် ရခိုင်ပြည်၊ စစ်တွေမြို့တွင်ရှိပြီး မြို့နှင့်အတူ ဆိပ်ကမ်းကိုပါ စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်သည်။

ထိုဆိပ်ကမ်းသည် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်စည်များ တိုက်ရိုက်ကူးသန်းနိုင်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းတွင်ပါဝင်သည့် ဆိပ်ကမ်းလည်း ဖြစ်သည်။

ထိုဆိပ်ကမ်းကို အိန္ဒိယအစိုးရနှင့် စစ်ကောင်စီတို့ပူးပေါင်းပြီး ပြန်လည် လည်ပတ်စေမည်ဆိုသော်လည်း တစ်ဘက်တွင် အာရက္ခတပ်တော်(AA)၏အခန်းကဏ္ဍကလည်း အရေးပါလျက်ရှိသည်ဟု သိရသည်။


ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းဖြတ်သန်းရာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ စစ်တွေမှအပ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝစသည့်မြို့နယ်များကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ရာ စစ်တွေဆိပ်ကမ်းပြန်လည် လည်ပတ်နိုင်ရေးအတွက် အိန္ဒိယအနေဖြင့် AA နှင့်တွေ့ဆုံဆွေးနွေးမှုမရှိလျှင် ယခုကိစ္စမှာ ဖြစ်မြောက်အောင်မြင်လာမည်မဟုတ်ဟု ရခိုင်မှ စီးပွားရေးသမား ဦးမောင်စောဝင်းက သုံးသပ်ပြောသည်။

"ဒီကိစ္စမှာ AA မပါဘဲ လုံးဝ ဒီ အိန္ဒိယနဲ့မြန်မာဆွေးနွေးတာ မဖြစ်နိုင်ဘူးလို့ ယူဆတယ်"ဟု နိရဥ္စရာကို ပြောသည်။

ရပ်တန့်နေသည့် စစ်တွေ-အိန္ဒိယဆိပ်ကမ်းကို ၂ဝဝ၉ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာသန်း ၁၂ဝ အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့် တည်ဆောက် ပြီးစီးခဲ့ခြင်းဖြစ်သည်။

တည်ဆောက်ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် ထိုဆိပ်ကမ်းမှတဆင့် ဆန်တန်ချိန် ၂၆ဝဝ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစမ်းသဘောမျိုး ပို့ဆောင်ပေးနိုင်ခဲ့သည်။

ယင်းနောက် စစ်တွေဆိပ်ကမ်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်တွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဖွင့်လှစ်ပြီးနောက် အဆိုပါဆိပ်ကမ်းတွင် နိုင်ငံတကာကုန်သင်္ဘောများနှင့် စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် ကုန်သင်္ဘောများအပါအဝင် ပြည်တွင်းကမ်းရိုးတန်းသွား သင်္ဘောများ ဆိုက်ကပ်ခွင့်ကို စစ်ကောင်စီက စက်တင်ဘာ ၂၀ ရက်မှစတင် ခွင့်ပြုပေးခဲ့သည်။

စစ်တွေဆိပ်ကမ်းပါဝင်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကိုလည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၂ဝ၁၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး အိန္ဒိယမှ အမေရိကန် ဒေါ်လာသန်း (၅၀၀) ခန့်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို စစ်တွေမှ ပလက်ဝအထိ ရေကြောင်းမှ ကုန်ပစ္စည်းများကို ပို့ဆောင်ရန်နှင့် ပလက်ဝမှတဆင့် မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇူရမ်ပြည်နယ်သို့ ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ရေကြောင်းမှ ကုန်ပစ္စည်းများပို့ဆောင်နိုင်ရန် စစ်တွေမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် ဆိပ်ကမ်းတစ်ခုစီကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်၊ လွမ့်တလိုင်း (Lawngtlai) ခရိုင်မှ မြန်မာနယ်စပ်အထိ ၁၁၇ ကီလိုမီတာ အရှည်ရှိသော နှစ်လမ်းသွား ကားလမ်းကိုလည်း ဖောက်လုပ်လျက်ရှိသည်။

အဆိုပါကားလမ်း ဖောက်လုပ်ပြီးစီးပါက ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို စတင် အသုံးပြုနိုင်တော့မည်ဖြစ်သည်။

အိန္ဒိယအစိုးရသည် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းဖြတ်သန်းရာ ချင်းပြည်နယ်၊ ပလက်ဝမှနေ၍ ရခိုင်ပြည်နယ် မြို့တော် စစ်တွေအထိ လျှပ်စစ်မီးပေးနိုင်ရန် ဆန္ဒရှိနေသည်ဟုလည်း မကြာသေးခင်က ထုတ်ဖော်ပြောဆိုထားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး B.Shyam သည် မီဇိုရမ်ပြည်နယ်သို့ အလည်ရောက်ရှိနေစဉ် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်ဝန်ကြီး Pu F. Rodingliana ကို သူ၏ ရုံးခန်းတွင်တွေ့ဆုံခဲ့ပြီး ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် အိန္ဒိယအစိုးရအနေဖြင့် ကုလားတန်စီမံကိန်းကို စတင်လိုလျှင်သော်လည်းကောင်း၊ ပလက်ဝမှ စစ်တွေအထိ လျှပ်စစ်မီးပေးလိုလျှင်သော်လည်းကောင်း AA ၏ သဘောတူညီချက်မပါလျှင် အောင်မြင်မည်မဟုတ်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

လက်ရှိတွင် အိန္ဒိယအစိုးရအနေဖြင့် AA ၏ နယ်မြေစိုးမိုးမှုနှင့် လက်ရှိ ပကတိ ဖြစ်တည်နေမှုအပေါ် လက်ခံနားလည်လာသည့်သဘောရှိလာနေပြီဟုလည်း သုံးသပ်နေကြသည်။

လာမည့်နိုဝင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ အိန္ဒိယအစိုးရ၏ ရန်ပုံငွေဖြင့် ကျင်းပမည့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန်လည်း AA အပါအဝင် မြန်မာစစ်အစိုးရအား ဆန့်ကျင်နေသည့် အတိုက်အခံ အင်အားစုများကို အိန္ဒိယက မကြုံစဖူး ဖိတ်ခေါ်ထားသည်။

ဖိတ်ကြားခံရသည့်အဖွဲ့များတွင် ရခိုင်ရှိ အရေးပါသော နယ်မြေများကို ထိန်းချုပ်ထားသည့် AA နှင့် မြန်မာ၏ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့်ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လည်း ပါဝင်သည်။

ဓာတ်ပုံ - စစ်တွေဆိပ်ကမ်းအား ၂၀၂၃ ခုနှစ်အတွင်းက တွေ့ရစဥ်။ (Photo - Sittwe Port)

ဆက်စပ် သတင်းများ