အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ပလက်ဝတိုက်ပွဲအတွင်း ဗိုလ်တစ်ဦးအပါအဝင်သုံ့ပန်း ၁၃ဦးဖမ်းမိဟု AA သတင်းထုတ်ပြန်၊ တပ်ဘက်တာဝန်ရှိသူကငြင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.3k

ခိုင်လူလှ၊ သိန်းဇော် (မောင်တော)

နိရဥ္စရာ၊ နိုဝင်ဘာ ၂ဝ/ ၂ဝ၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မြန်မာ့ တပ်မတော်မှ ဗိုလ်တစ်ဦး လက်နက်ချအညံ့ခံပြီး ၎င်းအပါအဝင် အရာခံဗိုလ်တစ်ဦး၊ သုံ့ပန်း စုစုပေါင်း ၁၃ ဦးကို လက်ရဖမ်းဆီးရမိကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ 

၎င်းပြင် တပ်မတော်သားအလောင်း (၉) လောင်း၊ သေနတ်(၁၄) လက်(အကြမ်းအားဖြင့်) အပါအဝင် လက်နက် ခဲယမ်းအချို့ကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ခိုင်သုခက “ မနေ့က နိုဝင်ဘာ ၁၉ ရက်နေ့က ပလက်ဝမြို့နယ် ပကာဝရွာရဲ့ အနောက်တောင်ဖက် သုံးကီလိုမီတာခွဲလောက်မှာရှိတဲ့ ကာမချောင်းရဲ့ အနောက်ဖက်ရှိ တောင်တန်းတွေပါ်မှာ ကျွန်တော်တို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေရှိရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ အတွက် တပ်မ(၇၇) လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ(၃၁၃)တပ်ရင်းနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ဆိုတော့ နေ့လယ် ၁ နာရီမှာလောက်မှာ တိုက်ပွဲ စဖြစ်ပြီး ၁ နာရီခွဲလောက်မှာ တိုက်ပွဲပြီးတယ်။ တိုက်ပွဲ အတွင်း အလောင်း ၉ လောင်းရတယ်။ လက်နက်ချ အညံ့ခံတာက ၁၃ ဦးရှိတယ်။ အဲဒီအထဲမှာ ဗိုလ်တစ်ဦးရယ်၊ အရာခံဗိုလ် တစ်ဦးလည်း ပါတယ်။ အဲဒီမှာ လက်နက်ခဲယမ်းမီးကျောက်တွေလည်း ဖမ်းမိတာရှိတယ်။ လက်နက် ၁၄ လက် သိမ်းဆည်းရမိတယ်။ လက်နက်ကခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းရမိတာလည်း ရှိတယ်ဗျာ” ဟု နိရဥ္စရာသို့ ပြောကြားသည်။ 

၎င်းပြင် ညနေပိုင်း ၅ နာရီခန့်တွင် ကစင့်ကလျား ဆုတ်ခွာနေသည့် တပ်မတော်စစ်ကြောင်းနှင့် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အကျအဆုံးကို မသိရသေးကြောင်း ခိုင်သုခမှ ဆက်လက်ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ၎င်းက “ အဲဒါတွေက ပလက်ဝမြောက်ခြမ်းမှ ၂ဝ၁၇ တုန်းက ဖြစ်တဲ့နေရာတွေ ပကာဝတို့ခွေလိပ်ဝတို့ ဘက်မှာ ၂ဝ၁၇ တုန်းက ဖြစ်တဲ့ဖြစ်စဉ်ကို ပြန်တင်ထားတာ။ ၂ဝ၁၇ တုန်းက အဲဒီဖက်ခြမ်းမှာ အကြီးအကျယ် တိုက်ပွဲဖြစ်ထားတာ အဲဒါကို ပြန်တင်ထားတာ။ အဲလောက်လဲထိခိုက်ဒဏ်ရာ ရတာမဟုတ်ဘူး။ အဲလောက်လည်း ဆုံးရှုံးမှုမရှိဘူး။ အဲဒီ၂ဝ၁၇က ဟာ တစ်နှစ်လုံးဖြစ်တဲ့ဟာ ပေါင်းပြီးတင်ထားတာ” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) မှလည်း သတင်းထုတ်ပြန်သည်။ သတင်းထုတ်ပြန်ချက်ထဲတွင်
၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၉) ရက် နေ့လယ် (၁) နာရီခန့်မှပလက်ဝမြို့နယ်၊ ပကာဝရွာ၊ အနောက်တောင်ဖက် ၃ ဒသမ ၇ ကီလိုမီတာ (သို့မဟုတ်) ကာမချောင်း(ဒေသအခေါ်-ကာရမချောင်း) အနောက်ဖက်ရှိတောင်တန်းပေါ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

၎င်းပြင် နိုဝင်ဘာလ (၁၉) ရက်၊ နံနက်(၁၁) နာရီ(၂၅) မိနစ်တွင် မြေပုံမြို့နယ်၊ "အင်ကြင်းရွာ" နှင့်"ဟင်းခရော်ရွာ" အကြားတွင် စစ်လက်နက်နှင့် လူအင်အားဖြည့်တင်းနေသော စစ်ကား(၁၁) စီးပါစစ်ယာဉ်တန်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်ကျဆုံးသူ(၁ဝ) ဦးအထက်ရှိခဲ့သည်ဟု သတင်း ထုတ်ပြန်သည်။ 

တိုက်ပွဲမဖြစ်ပွားမီကတည်းကပင် ရွာသာယာရွာမြောက်ဖက်၊ (၆) ကီလိုမီတာ အကွာအဝေး ပတ်ဝန်းကျင်နှင့် ယောချောင်းတလျှောက်အား ရဟတ်ယာဉ်များဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ရဟတ်ယာဉ် များဖြင့် နံနက်(၁၁) နာရီ(၂၂) မိနစ်မှ ညနေ(၅) နာရီ(၂ဝ) မိနစ်အတွင်း မိနစ်(၉ဝ) ခန့်(ငါးကြိမ်တိုင်တိုင်) တစ်စီးပြီးတစ်စီးမရပ်မနားလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။ 

-----------------------------

Unicode


နိရဉ်စရာ၊ နိုဝငျဘာ ၂ဝ/ ၂ဝ၁၉ 









ဆက်စပ် သတင်းများ