အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ ရွာသား၆ဦးကို စစ်ကြောင်းတစ်ခုက ခေါ်ယူသွားပြီးနောက် တိုက်ပွဲဖြစ်ပွား၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၂ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာနှင့် မုန့်သန်းပြင်ကျေးရွာမှ ရွာသား ၆ ဦးအား တပ်မတော် စစ်ကြောင်းတစ်ခုက ခေါ်ယူသွားပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် မိသားစုများ အထူး စိုးရိမ်နေကြသည်ဟု ဒေသခံများက သတင်း ပေးပို့သည်။

မီးဝကျေးရွာသားတစ်ဦးက “ခေါ်သွားတဲ့ လူတွေက မုန့်သန်းပြင်ကျေးရွာက ညီညီအောင်ဆိုသူနဲ့ ကျနော်တို့ မီးဝကျေးရွာက ကျော်သန်း၊ ဦးရွှေနု၊ သန်းဦးလှိုင် အဲလောက်ဘဲ သိပါတယ်။ နောက်ထပ်နှစ်ယောက်နာမည်ကို မသိရသေးဘူး။ ကျနော်တို့ကလည်း အဝေးကနေမြင်ရတာဆိုတော့ ပေါ်တာခေါ်သွားတာလား။ ဘာအတွက် ခေါ်သွားတာလဲဆိုတာကို မသိဘူး” ဟု ပြောသည်။

ထိုသို့ ခေါ်ယူသွားပြီးနောက်  မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ယနေ့ နံနက် ၁၁နာရီခန့်က မာလာကျေရွာ၏ တဖက်ကမ်း သံပုရာထောင့်နှင့် သလူချောင်းကြားတွင် မိနစ် ၂ဝ ခန့် အကြာ တစ်ကြိမ်၊ နေ့လယ် ၂ နာရီကျော်ခန့်က တစ်ကြိမ် မိနစ်အနည်းငယ် အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မာလာအုပ်စု၊ သံပုရာထာင့် ကျေးရွာသားတစ်ဦးက ပြောသည်။

“ အခုလို တိုက်ပွဲဖြစ်တော့ အထူးစိုးရိမ်နေကြပါတယ်။ ဘယ်လို ပြောရမယ်မှန်းတောင် မသိတော့ဘူး။ တိုက်ပွဲဖြစ်ရင် အနီးအနားကျေးရွာတွေအတွက် အရမ်းစိုးရိမ်ရပါတယ်။ အခု လူတွေလည်း ပါသွားတော့ ပိုစိုးရိမ်ရပါတယ်” ဟု ပြောကြားသည်။

မီးဝကျေးရွာအုပ်ချုပ်ရေးမှူးသို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့ နေ့လယ် ၁နာရီ ၄ဝ မိနစ်က ဆက်သွယ်မေးမြန်းခဲ့ရာ ရွာသားအချို့အား ယနေ့ နံနက်က စစ်တပ်မှ ခေါ်ယူသွားသည်ဟု သတင်းကြားသိရကြောင်း ပြောသည်။

 “ဒီနေ့မနက် ၇ နာရီခွဲအချိန်လောက်ရှိမယ်။ လဖက်ရည်ဆိုင်မှာ လဖက်ရည်သောက်နေတာကနေ တပ်မတော်က လမ်းပြ ပေါ်တာခေါ်သွားတယ်လို့ ပြောပါတယ်။ ဘယ်သူဘယ်သူ ပါသွားလဲ ဆိုတာကို ကျနော်အခု ကျောက်တော်မြို့ကို ရောက်နေလို့ မသိရသေးဘူး” ဟု ဦးမောင်ကျော်ညွန့်က ဆက်လက် ပြောဆိုသည်။

မီးဝကျေးရွာနှင့် မုန့်သန်းပြင်ကျေးရွာတို့မှ ရွာသား ၆ ဦးတို့အား မီးဝကျေးရွာအောက်ပိုင်း ဂြင့်ခါးစေ့ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ ခေါ်ဆောင်ခံရသူများမှာ ယနေ့နံနက်ပိုင်းက မီးဝကျေးရွာရှိ ဖြူသာထွန်းလဖက်ရည်ဆိုင်တွင် လဖက်ရည်သောက်နေစဉ် တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင် မီးဝကျေးရွာသားများက ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းမအားသေးသဖြင့် ဆက်သွယ်၍ မရရှိသေးပါ။

နောက်ဆုံးရရှိသော သတင်းအရ ယနေ့ ညနေ ၃ နာရီ ၄ဝ မိနစ်ခန့်က ကျောက်တော် စကခ (၉) မှ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပြီး မာလာရွာဦး တောင်ကုန်းမှ ၂ လုံးကျပြီး ၂ လုံးမှာ ကုလားတန် မြစ်ပြင်မှာ ၂ လုံးကျကြောင်း၊ ရွာသားများမှာ ဗုံးခိုကျင်းတွင် ပုန်းခိုနေရကြောင်း မာလာရွာသား တစ်ဦးက ပြောသည်။

----------------------------

Unicode:












ဆက်စပ် သတင်းများ