ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ဆေးကုသခွင့်မရ၍ ၉ လအတွင်း နိုင်ငံရေးအကျဥ်းသား ၁၂ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 157

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၁ / ၂၀၂၄

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ၉ လ အတွင်း နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ ၁၂ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

“အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား(၉) ဦး၊ နိုင်ငံရေး အကျဉ်းသူ(၂) ဦး၊ ရဲ CDM (ရဲပြေးအမှုဖြင့် တရားစွဲဆိုခံထားရသူ) (၁) ဦး စုစုပေါင်း ကျား၊မ(၁၂) ဦး အသက်သေဆုံးခဲ့ရပါသည်“ ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျိုက်မရောအကျဉ်းထောင်၌ ပုဒ်မ ၅၄၊ ပုဒ်မ ၅၂(က)ဖြင့် ထောင်တသက်ချမှတ်ခံထားရသည့် အသက်(၄၃)နှစ်အရွယ် ကိုရာရှင်(ခ)ဟာရှင်သည် ဇန်နဝါရီ ၁၂ ရက်နေ့တွင် စစ်ကြောရေးမှ ရရှိသည့် အတွင်း‌ဒဏ်ရာများ ကောင်းစွာကုသခွင့်မရ၍ ကျဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

အလားတူ ကျိုက်မရောအကျဉ်းထောင်၌ ပုဒ်မ၅၂(က)ဖြင့် ထောင် ၇ နှစ်ချမှတ်ခံထားရသည့် အသက်(၃၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် လေထိုးလေအောင့်ဖြစ်စဉ် အကျဉ်းထောင် ဆရာဝန်၏ ပေါ့လျော့မှုကြောင့် ဇန်နဝါရီ ၁၆ ရက်တွင် ကျဆုံးခဲ့ရသည်။

မကွေးထောင်တွင် ၅၀(ည)ပုဒ်မဖြင့် ထောင်ဒဏ်(၁၅)နှစ် ချခံထားရသည့် အသက်(၂၂)နှစ်အရွယ် မစုမေအောင်သည် ဇန်နဝါရီ ၂၂ ရက်တွင် အသည်းရောဂါ၊ အဆုတ်ရောဂါနှင့် ကျဆုံးခဲ့ရသည်။

ကလေးအကျဉ်းထောင်၌ ပုဒ်မ ၅၀၅(က)/ ၅၂(က)/ ၅၀(ည)တို့ဖြင့် ထောင်ဒဏ်(၁၄)နှစ် ချမှတ်ခံထားရသည့် ကိုကြည်ရအောင် အသက်(၄၅)နှစ်သည် ဇန်နဝါရီ ၂၃ ရက်တွင် ဆရာဝန်များ၏ ပေါ့လျော့မှုကြောင့် ကျဆုံးခဲ့ရသည်။

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် မယဉ်မိုးအသက်(၃၅)နှစ်သည် ၅၀၅(က)၊ ၅၀၅(က)နှစ်မှုဖြင့် ထောင်ဒဏ်(၆)နှစ်အမိန့်ချခံထားရစဥ် ဖေဖော်ဝါရီလ ၄ ရက်တွင် ကျောက်ကပ်ရောဂါဖြင့် ကျဆုံးခဲ့ရသည်။

ဒိုက်ဦးအကျဉ်းထောင်တွင် ဦးအေးဝင်း အသက်(၆၈)နှစ်သည် ပုဒ်မ ၅၀၅/၁၂၄ ဖြင့် ထောင်ဒဏ်(၈)နှစ်ကျခံနေရသူသည်လည်း ကျဆုံးခဲ့ရသည်။

ထို့အတူ ဒိုက်ဦးအကျဉ်းထောင်တွင်ပင် ဦးခင်စိုး(၆၄)နှစ်သည် ပုဒ်မ၅၂(က)၊ ၅၀(ည)ဖြင့် ထောင်(၁၄)နှစ်ချမှတ်ခံထားရစဥ် စစ်ကြောရေး၏ နှိပ်စက်မှုမှရရှိခဲ့သည့် အတွင်းကြေ ဒဏ်ရာအပြင် ဗိုက်အောင့်ဝေဒနာအပေါ် လုံလောက်သောဆေးဝါး စောင့်ရှောက်မှုမရ၍ မတ်လ ၆ ရက်တွင် ကျဆုံးခဲ့ရသည်။

ဒိုက်ဦးအကျဉ်းထောင်တွင် မေလ (၁၁)ရက်နေ့၌ ၅၀ (ည)ဖြင့် အကျဉ်းကျနေသည့် အသက် ၃၂ နှစ်အရွယ် ကိုလင်းလင်းထွန်း(ခ) လယ်ဝေးသည် အကျဉ်းထောင်တွင်း ကျဆုံးခဲ့ရသည်။

သရက်ထောင်တွင် ပုဒ်မ ၅၂(က)/ ၅၁(ဂ) ဖြင့် မတရားဖမ်းဆီးခံထားရသည့် ၃၉ နှစ်အရွယ် ကိုညီညီသည်လည်း ဇူလိုင်လ(၂၇)ရက်နေ့တွင် သွေးတိုးရောဂါဖြင့် ကျဆုံးခဲ့ရသည်။

အင်းစိန်ထောင်တွင် ပုဒ်မ ၅၀၅(က)/၅၂ (က)တို့ဖြင့် အကျဉ်းချခံထားရသည့် ၄၅ နှစ် အရွယ် ကိုနေလင်းထိုက်သည် အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ကျဆုံးခဲ့ရသည်။

သရက်အကျဉ်းထောင်တွင် ရဲစည်းကမ်းဖြင့် အဖမ်းခံထားရသည့် CDM ရဲဝန်ထမ်း ကိုမျိုးသူသည် ကျန်းမာရေးအရေးပေါ်ဖြစ်ချိန် ဆရာဝန်အချိန်မီမရောက်ရှိ၍ ဩဂုတ်လ(၂၈)ရက်နေ့တွင် ကျဆုံးခဲ့ရသည်။

သထုံ အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည့် အသက် ၅၇ နှစ်အရွယ် ဦးသန့်ဇင်သည်လည်း အောက်တိုဘာလအတွင်း ကျန်းမာရေးမကောင်းစဉ် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရသည့်အတွက် ရင်ကြပ်ရောဂါဖြင့် ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ထောင်တွင်း၌ သေဆုံးခဲ့ရသူများစွာ ရှိနေသည့် မြန်မာပြည်အကျဉ်းထောင်များသည် အရှေ့တန်း စစ်မြေပြင်သဖွယ် ခေါင်းစဉ်အမျိုးမျိုးနှင့် ထောင်တွင်းရှိအကျဥ်းသားများ သတ်ဖြတ်ခံနေရသည်ဟု PPNM က ထုတ်ပြန်ထားသည်။

ဆေးဝါးလုံလောက်မှုနှင့် ဆရာဝန်လုံလောက်မှုမရှိသည့် ထောင်ဆေးရုံများသည်လည်း နိုင်ငံရေး အကျဉ်းသားများ မသေဆုံးခင် ယာယီထားသည့် နေရာများအဖြစ်သာ ဆက်ရှိနေဆဲ ဖြစ်ကြောင်း PPNM ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ - PPNM

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!