တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

တစ်ရက်တည်းအတွင်း ရခိုင်မြို့နယ် ၃ ခုမှ အနည်းဆုံး ကျေးရွာ ၆ ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး၊ ၁၇ ဦး ဒဏ်ရာရရှိ

ကြိုင်ဟိန်းလင်း
နိရဉ္စရာ၊ ဇွန် ၁ / ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ဇွန် ၁ ရက် တစ်နေ့တည်းအတွင်း ရခိုင်မြို့နယ် ၃ ခုမှ  ကျေးရွာ (၆) ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၂၀ ကျော် အရွယ် အမျိုးသမီး တစ်ဦးအပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

တိုက်ခိုက်ခံရသော ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ ယိုးတရုတ်ကျေးရွာ၊ ပေါက်တောမြို့နယ်မှ ကြိမ်ခွေမော်၊ တောင်ဦးမော်၊ ဆင်တက်မော်၊ သဲခုံကျေးရွာနှင့် ရသေ့တောင်မြို့နယ်စေတီပြင် ကျေးရွာတို့ ဖြစ်ကြသည်။  

ယနေ့ ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီကျော် အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ယိုးတရုတ် ကျေးရွာ၊ ပေါက်တောမြို့နယ်မှ ကြိမ်ခွေမော်၊ တောင်ဦးမော်၊ ဆင်တက်မော်၊ သဲခုံစသည့် ကျေးရွာများကိုလည်း စစ်ကောင်စီ၏ Y-12 လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ခိုက်ခဲ့မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာ၊ ချောင်းဝရပ်ကွက်မှ မောင်ကျော်လွင် (ခ)ဒေါင်းဒေါင်းနှင့် စစ်တွေမြို့နယ်၊ ပျားလည်ချောင်း ကျေးရွာမှ ယိုးတရုတ်ကျေးရွာတွင် စစ်ရှောင်နေသူ မခင်မိုးအေး (၂၆) နှစ်တို့ သေဆုံးသွားကြောင်း သတင်းရရှိသည်။


ဒဏ်ရာရသွားသူများအထဲတွင်  ယိုးတရုတ်ရွာမှ ၁၁ ဦး ပါဝင်ပြီး  ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာမှ ၃ ဦးနှင့် ဆင်တက်မော်ကျေးရွာမှ ၃ ဦး၊  စုစုပေါင်း ၁၇ ဦးဖြစ်သည်။

ယိုးတရုတ်ရွာမှ ၁၁ ဦးအနက် ဦးကောင်းစံ(၅၂) နှစ်၊ သူ၏ဇနီး ဒေါ်သန္တာခိုင်(၄၈) နှစ်၊ မောင်ဟိန်းဝင်း(၈) နှစ်၊ မောင်မျိုးဆန်းအောင်(၁၈)နှစ်နှင့် မအေးဖြူ(၂၂)နှစ်တို့ ၅ ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိသွားကြသည်

နောက်ထပ် မစုချေ(ဒေါ်သန္တာခိုင်သမီး)(၆) နှစ်၊ မနှင်းဝတီ(ဒေါ်ခိုင်မိုးအေးသမီး)(၅)နှစ်၊ ဒေါ်အေးခိုင်(၅၄) နှစ်၊ ဒေါ်လှသန်းမေ(၅၄) နှစ်၊ ဒေါ်မဲမ(ခေါ် )ဒေါ်အေးနု(၄၃)နှစ်နှင့် မစုမြတ်ဦး(၁၄)နှစ်တို့လည်း အသီးသီး ဒဏ်ရာများရရှိသွားခဲ့သည်။

အလားတူ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာမှ ကိုဦးသန်းမောင် (၂၉ ) နှစ်၊ ဦးကျော်ဇံသာ (၅၉)နှစ်နှင့် ဦးဦးလှအောင် (၇၄) နှစ်တို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိုအထဲမှ ကို‌ဦးသန်းမောင်မှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည်ဟု သိရသည်။

ယင်းအပြင် ဆင်‌တက်မော်ကျေးရွာမှလည်း ပညာရေးဝန်ထမ်းဆရာမ တစ်ဦးအပါအဝင် စစ်တွေမြို့မှ စစ်ရှောင်လာသည့် ကလေးငယ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ တစ်ရက်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို လေကြောင်းတိုက်ခဲ့မှု အပေါ် ရခိုင်မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက "ဒါတွေက စစ်ရေးပစ်မှတ်တွေလည်း မဟုတ်ဘူး။ ဒါတွေက အငြိုးတွေနဲ့ အရပ်သားပြည်သူတွေနေတဲ့ နေရာတွေကို ပစ်တယ်။ ဒါတွေကတော့ စစ်ရေးပစ်မှတ်မဟုတ်ဘူး။ အရပ်သားကို ဦးတည်တိုက်ခိုက်တာသေချာတယ်။ ဒါတွေကတော့ စစ်တပ်က လူမျိုးရေးအရ ပစ်ခတ်တာဖြစ်တယ်" ဟု  ပြောသည်။

ယင်းအပြင် ယနေ့ဗုံးကြဲခံရမှုကြောင့် နေအိမ်အချို့လည်း ပျက်စီးသွားကြောင်း သိရသည်။

အလားတူ ရသေ့တောင်မြို့နယ်မှ စေတီပြင် ကျေးရွာကိုလည်း စစ်ကောင်စီက ယနေ့ နေ့လယ်က ဗုံးကြဲခဲ့သည်ဟု သတင်းများ ထွက်ပေါ်သော်လည်း ဖုန်းလိုင်း အခက်အခဲကြောင့် အဆက်အသွယ်မရ ဖြစ်နေပါသည်။

ဓာတ်ပုံ - ယနေ့ဗုံးကြဲခံရ၍ ယိုးတရုတ်ကျေးရွာမှ ထိခိုက်ပျက်စီးသွားမှု။

ဆက်စပ် သတင်းများ