သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရန်ကုန်သို့သွားသည့် အထောက်အထားမဲ့ မူဆလင် ၇၇ ဦးကို တောင်ကုတ်တွင် ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10k


သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၂ / ၂၀၂၁
ရခိုင်ပြည်နယ်တွင် မောင်တောမြို့နယ်မှ ရန်ကုန်သို့သွားသည့် အထောက်အထားမဲ့ မူဆလင် ၇၇ ဦးကို ယနေ့ တောင်ကုတ်မြို့နယ်အတွင်း ဖမ်းမိခဲ့သည်ဟု သိရသည်။
၄င်းတို့ကို တောင်ကုတ်မြို့နယ်၊ ဂွေးတောက်ရွာနှင့် မျောက်ငိုကွေ့ကြား ရိုးတောင်ပေါ်တွင် ယနေ့ ဒီဇင်ဘာ ၂၂ ရက် ညဉ့် ၂ ခန့်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းအုပ်စုုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က နိရဥ္စရာကို အတည်ပြုပြောသည်။
“လက်ရှိမှာ သူတို့ကို တောင်ကုတ်ရဲစခန်းကိုခေါ်သွားပါပြီ”ဟု ပြောသည်။
၄င်းတို့သည် မောင်တောမြို့နယ်မှ ရန်ကုန်သို့သွားရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဦးဝင်းနိုင်က ဆက်ပြောသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၄၉ ဦး၊ ကလေး ကျား ၃ ဦးနှင့် မ ၈ ဦးတို့ ပါဝင်သည်ဟု သိရသည်။
တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကလည်း ယခုကိစ္စကို အတည်ပြုပြောဆိုသည်။
“ဖမ်းမိတာဟုတ်ပါတယ်။ အသေးစိတ်ကို နောက်မှပြန်ပြောပါမယ်”ဟုပြောသည်။
လက်ရှိတွင် ၄င်းတို့ကို တောင်ကုတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးဦးရေတို့ကို လောလောဆယ် မသိရသေးပါ။
ယခုနောက်ပိုင်း ရန်ကုန်မှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာသည့် မူဆလင်များကို ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဂွနှင့် တောင်ကုတ်မြို့နယ်များတွင် ရာနှင့်ချီ ဖမ်းဆီးရမိမှုများရှိလာနေသည်ဟု သိရသည်။
ယင်းအနက် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်က ဘင်္ဂလားပင်လယ်အော်အတွင်းဖမ်းမိခဲ့သည့် မူဆလင် ၂ဝဝ ကျော်အနက် ၁ဝ၉ ဦးကို လဝကဥပဒေပုဒ်မ ၁၃ (၁)ဖြင့် မောင်တောမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့သည်။
အသက် ၁ဝ နှစ်အောက်ကလေး ၃၅ ဦးကို မိဘအုပ်ထိန်းသူများထံသို့လွှဲပြောင်းခဲ့သလို ၁၁ နှစ်နှင့် ၁၈ နှစ်ကြား ကလေး ၉ဝ ဦးကို လဝကဥပဒေပုဒ်မ ၁၃ (၁)ဖြင့် မောင်တောမြို့နယ်တရားရုံးက ဆိုဆုံးမကာ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - တောင်ကုတ်မြို့နယ်၊ ဂွေးတောက်ရွာနှင့် မျောက်ငိုကွေ့ကြားတွင်ဖမ်းမိသူများအားတွေ့ရစဉ်။ Photo - ကိုမောင်ဌေးမြင့်

ဆက်စပ် သတင်းများ