စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

ထိုင်းရှိ နာမည်ကြီးဆင်စခန်း ရေမြုပ်၍ ဆင်ကောင်ရေ ၁၀၀ ကျော်အား အရေးပေါ်ကယ်ဆယ်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 196

(ဆင်လေးကောင်ထက်မနည်း ရေနစ်သေဆုံး)

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၅/၂၀၂၄

ထိုင်းနိုင်ငံရှိ နာမည်ကြီးဆင်စခန်းသည် ရေနစ်မြုပ်နေ၍ ဆင်ကောင်ရေ ၁၀၀ ကျော်အား အရေးပေါ်ကယ်ဆယ်ထားရပြီး ဆင်လေးကောင်ထက်မနည်း ရေနစ်သေဆုံးသွားသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ပြင်ရှိ Mae Taeng Elephant Park and Clinic အမည်ရှိ ဆင်စခန်းသည် ယမန်နေ့ အောက်တိုဘာလ ၄ ရက်မှစတင်ကာ ဆင်များ၏ ခန္ဓာကိုယ်ထက်ဝက်ခန့်အထိ ရေနစ်မြုပ်နေခြင်းဖြစ်သည်။

ယင်းသို့ရေနစ်မြုပ်နေ၍ ဆင်အကောင်ရေ ၁၁၀ ကို ရေလွတ်ရာ ကုန်းမြင့်ပေါ်သို့ စေတနာ့ဝန်ထမ်းအကူအညီများစွာက နည်းလမ်းမျိုးစုံဖြင့် ကယ်ဆယ်ထားရသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

ယင်းအထဲတွင် အသက်အရွယ်ကြီးရင့်နေသော၊ မျက်စိမမြင်သော၊ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်နေသော ဆင် ၁၀ ကောင်လည်း ပါဝင်သည်ဟု ထိုင်းသတင်းဌာန Citylife Chiang Mai တွင် ဖော်ပြထားသည်။

အဆိုပါစခန်းမှမျောပါလာသည့် ဆင်နှစ်ကောင်ထက်မနည်းကိုလည်း ယနေ့ အောက်တိုဘာလ ၅ ရက်၊ နံနက်တွင် Mae Taeng မြစ်အတွင်းသေဆုံးလျက်တွေ့ရှိခဲ့သည်ဟု The Nation Thailand သတင်းက ယနေ့ ဖော်ပြသည်။

ယမန်နေ့ကလည်း အဆိုပါဆင်စခန်းမှ ရေနစ်သေဆုံးသွားသည့်ဆင်နှစ်ကောင်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ထိုသတင်းက ဆိုသည်။
အဆိုပါဆင်စခန်းရှိ ကြောင်၊ ခွေး၊ ဝက်၊ ကျွဲနှင့် အခြားတိရစ္ဆာန် ၃၀၀၀ ကိုလည်း အရေးပေါ်ရွေ့ပြောင်းနေရပြီး သူတို့အတွက်လည်း အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

အဆိုပါဆင်စခန်းသည် ထိုင်းတွင် ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်ရာ နာမည်ကြီးဆင်စခန်းတစ်ခုဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - Citylife Chiang Mai ၊ PR.Thailand ၊ Elephant Nature Park ၊ Thiti Wannamontha

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!