စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ပြည်ပအလုပ်အကိုင် အေဂျင်စီ ၅ ခု၏ လုပ်ငန်းလိုင်စင်များကို ရာသက်ပန်ပိတ်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

(စစ်ကောင်စီ ပိတ်သိမ်းခဲ့သည့်အထဲတွင် ငွေကျပ် သိန်း ၁သောင်းကျော် လိမ်လည်သွားခဲ့သည့် အေဂျင့်တစ်ခုပါဝင်)

စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် (ဇူလိုင်လ) အတွင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီ (၅)ခုကို လုပ်ငန်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းလိုက်သည်ဟု စစ်ကောင်စီ၏ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

 

 “အကုန်လုံးပေါင်း ဆို ၂၅ ခုပေါ့။ ဒီစကစ အာဏာသိမ်းပြီးနောက်တော့ အေဂျင်စီ ၅ ခုလို့ ပြောရမှာပေါ့။  အခု ၅ ခုထဲက တစ်ခုက အလုပ်သမားတွေဆီကနေ ကျပ်သိန်း တစ်သောင်းကျော် လိမ်လည်သွားတဲ့ အေဂျင်စီ တစ်ခုလဲပါတယ်” ဟု အေဂျင်စီ တစ်ခု၏ တာ၀န်ရှိသူ တစ်ဦးက ပြောသည်။

 

စစ်ကောင်စီ ပိတ်သိမ်းခဲ့သည့် ကုမ္ပဏီ စာရင်းတွင် အလုပ်သမားများထံမှ ငွေကျပ် သိန်း ၁ သောင်းကျော် လိမ်လည် သွားခဲ့သည့် 7 Star High Co.,Ltd ပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။

 

စစ်ကောင်စီမှ လိုင်စင်ပိတ်သိမ်းခဲ့သည့် အေဂျင်စီ (၅)ခုသည် ၂၀၂၁ ခုနှစ်တွင် Property World Co.,Ltd၊ ၂၀၂၂ ခုနှစ်တွင် Asia Shwe Oh International Co.,Ltd နှင့် ၂၀၁၃ ခုနှစ်တွင် Myint Mo Phue Pwint Co.,Ltd နှင့်  7 Star High Co.,Ltd နှင့် Lu Kyaw Co.,Ltd တို့ ဖြစ်ကြောင်း သိရှိရသည်။

 

ရာသက်ပန် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံရသည့် အေဂျင်စီများသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ (၂၅)ခု ရှိကြောင်း သိရှိရသည်။


“ကျနော်တို့ ညီအစ်ကိုမောင်နှမတွေအနေနဲ့ ပြည်ပ အလုပ်သွားလုပ်မယ်ဆိုအခုလို ပိတ်သိမ်းခံရတဲ့ ကုမ္ပဏီတွေ သိရှိထားဖို့‌ရော၊ ကိုယ်နဲ့တွဲလုပ်မယ် အေဂျင်စီကိုလည်း အရင်လေ့လာပါလို့ ပြောချင်ပါတယ်”ဟု ထိုင်းရောက် ရွှေပြောင်းအလုပ်သမားတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

 

လိုင်စင်ပိတ်သိမ်းခံရသည့် ကုမ္ပဏီ အေဂျင်စီများသည် စစ်ကောင်စီအလုပ်သမားဝန် ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ချမှတ်ထားသည့် ဥပဒေ ပြဌာန်းချက်များကို မလိုက်နာသည့်အတွက် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ လိုင်စင်ပိတ်သိမ်းခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

လက်ရှိအလုပ်သမားညွန်ကြားရေး ဦးစီး ဌာန၏ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ စာရင်းတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ အထိ ထုတ်ပြန်ချက်အရ အေဂျင်စီပေါင်း (၄၂၈) ခုရှိကြောင်း သိရှိရသည်။

 

အဆိုပါ လိုင်စင်ရ ကုမ္ပဏီ အေဂျင်စီများ စာရင်းကိုလည်း အလုပ်သမားညွန်ကြားရေး ဦးစီးဌာန၏ ဝက်ဆိုက်များတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရသည်။ (NN – 25)

 

ဓာတ်ပုံ - ပိတ်သိမ်းခံရသည့် ကုမ္ပဏီများ စာရင်း (စကစ)

ဆက်စပ် သတင်းများ