သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် ကမ်းပြို၍ နေအိမ်ပျက်စီးသွားသည့် မိသားစုကို ကျပ်သိန်း ၁၅၀ တန် နေအိမ်တစ်လုံး ပြန်ဆောက်ပေးမည်ဟု ကျေးလက်ဦးစီးပြောသော်လည်း အိမ်ဆောက်ရန် မြေမရှိ၍ အခက်ကြုံ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သင်းပန်းချိန်ကျေးရွာတွင် မြစ်ကမ်းပါးပြို၍ နေအိမ်ပျက်စီးသွားသည့် မိသားစုအတွက် ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ အိမ်တစ်လုံး ဆောက်လုပ်ပေးမည်ဟု မြို့နယ်ကျေးလက်ဦးစီးက ပြောသော်လည်း အိမ်ပိုင်ရှင်မှာ မြေနေရာမရှိ၍ အခက်ကြုံနေရသည်ဟု သိရသည်။

ယခုစက်တင်ဘာလ ၁၄ ရက်က ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဦးအောင်ထွန်းသည် သင်းပန်းချိန်ကျေးရွာသို့လာရောက်၍ နေအိမ်ဆုံးရှုံးသွားသည့် မိသားစုအား ကျပ်သိန်း ၁၅၀ တန်ဖိုးရှိနေအိမ်တစ်လုံးဆောက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

သင်းပန်းချိန်ကျေးရွာသား ကိုမင်းစိုးထွေးက "စက်တင်ဘာလ ၁၄ ရက်က မြစိမ်းရောင်ရပ်ရွာငွေချေး၊ ငွေဆပ်ကိစ္စနဲ့ရောက်လာပြီးတော့ ကျေးလက်ဦးစီး ဦးအောင်ထွန်းက အစည်းအဝေးမှာ ပြောခဲ့တာပါ" ဟု ပြောသည်။

ကျေးလက်ဦးစီးက အိမ်တစ်လုံးပြန်ဆောက်ပေးမည်ဟုပြောဆိုသော်လည်း မြေနေရာအသစ်ကို အိမ်ပိုင်ရှင် ရှာဖွေဝယ်ယူရမည်ဖြစ်၍ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ကိုမင်းစိုးထွေးက "ဒေါ်မလှဝင်းမှာက ယောက်ကျားဖြစ်သူက အရင် ၂ နှစ်လောက်ကမှ ကင်ဆာဖြစ်ပြီး ဆုံးသွားတာပါ။ လောလောဆယ် အိမ်ရာဝယ်ဖို့က ငွေကြေးအခက်ခဲရှိနေပါတယ်။ အိမ်ဆောက်ပေးမယ်လို့ပြောပေမယ့် လက်လုပ်လက်စားတွေဆိုတော့ မြေနေရာဝယ်ယူနိုင်ဖို့ဆိုတာက မလွယ်ဘူးလေ" ဟု ပြောသည်။

ပြီးခဲ့သည့် ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးပတ်က သင်းပန်းချိန်ကျေးရွာမှ ဒေါ်မလှဝင်း၏နေအိမ်မှာ ချောင်းရေတိုက်စားပြီး ကမ်းပါးပြိုကျကာ ပျက်စီးဆုံးရှုံးခဲ့ရပြီး နေစရာမရှိသည့်အတွက် ကျေးရွာမှအသိမိတ်ဆွေတစ်ဦး၏အိမ်မှာ ခိုလှုံနေထိုင်နေရသည်။


သင်းပန်းချိန်ကျေးရွာတွင် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးတဖြည်းဖြည်း ပြိုကျလာနေသည့် အတွက် ရွာတောင်ပိုင်းရှိ နေအိမ် ၁၀ ကျော် ချောင်းရေနှင့် မျောပါသွားမည့်အနေအထားနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း နေအိမ်ပိုင်ရှင်များက ပြောသည်။

ကျောက်နီမော်တိုက်နယ်၊ တောကြားကျေးရွာအုပ်စုရှိ သင်းပန်းချိန်ကျေးရွာသည် အိမ်ခြေ ၁၈၀ ၊ လူဦးရေ ၁၀၀၀ ကျော်နေထိုင်သည့်ကျေးရွာတစ်ရွာဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်ကပင် ချောင်းကမ်းပါးရေတိုက်စားမှုဒဏ်ကိုကြုံတွေ့လာရပြီး ဒေါ်မလှဝင်း၏နေအိမ်အပါအဝင် နေအိမ် ၆ လုံးထိ ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

နေအိမ်ပြိုကျပျက်စီးမည့်အရေးကြုံတွေ့နေရသည့် အိမ်ထောင်စုများအနေဖြင့် အစိုးရက ကမ်းထိန်းနံရံတစ်ခု (သို့မဟုတ်) ဘေးအန္တရာယ်ကင်းသည့် မြေနေရာသစ်ပြောင်းရွေ့ဆောက်လုပ်နေထိုင်ခွင့်ရရန် လိုလားနေကြသည်။ (NN-23)

ဓာတ်ပုံ - ကမ်းပါးပြို၍ပျက်စီးသွားသည့် ဒေါ်လှဝင်း၏နေအိမ်အား တွေ့ရစဉ်/ ကိုမင်းစိုးထွေး

ဆက်စပ် သတင်းများ